စစ်တပ်ဝါဒဖြန့်မှု ပိုထိရောက်အောင် Facebook က လုပ်နေတယ်လို့ ဝေဖန်ခံရ
Facebook ကုမ္ပဏီဟာ မြန်မာစစ်တပ်ရဲ့ဝါဒဖြန့်မှုကို ပိုပြီးကျယ်ပြန့်အောင်လုပ်ပေး နေတယ်လို့ အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တခုဖြစ်တဲ့ Global Witness ရဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရေးသားထားတဲ့အကြောင်း AP သတင်းမှာ မနေ့ကဖော်ပြထားပါတယ်။
- 2021-06-23
-
-
-
Facebook ကုမ္ပဏီဟာ မြန်မာစစ်တပ်ရဲ့ဝါဒဖြန့်မှုကို ပိုပြီးကျယ်ပြန့်အောင်လုပ်ပေးနေတယ်လို့ အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တခုဖြစ်တဲ့ Global Witness ရဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရေးသားထားတဲ့အကြောင်း AP သတင်းမှာ မနေ့ကဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီး အချိန်တစ်လကြာလာတဲ့အထိ စစ်တပ်ကို အားပေးထောက်ခံလာအောင်ဖန်တီးထားတဲ့ Facebook စာမျက်နှာတွေမှာ သတင်းအမှားတွေ၊ အကြမ်းဖက်မှုကို အားပေးတဲ့ ရေးသားဖော်ပြမှုတွေ ရှိနေတဲ့အကြောင်း ဒါတွေကို လူတွေများများ ကြည့်အောင်နဲ့ သဘောကျကြောင်း Like တွေ များများပေး နိုင်အောင် Facebook က တွန်းအားပေးနေခဲ့တယ်လို့ Global Witness အဖွဲ့က ထောက်ပြပါတယ်။ Facebook ရဲ့ အခုလိုလုပ်ရပ်ဟာ သူ့ချမှတ်ထားတဲ့ မူဝါဒတွေကို ပြန်ပြီးချိုးဖောက်နေတာပဲလို့လည်း Global Witness ဝေဖန်ပါတယ်။
Facebook သုံးစွဲသူတွေအတွက် အလိုအလျှောက် ဦးစားပေးရွေးချယ်နိုင်အောင် အကြံပြုပေးတဲ့ နည်းပညာ Algorithm ကို Facebookက သုံးနေတာပါ။ ဥပမာ လှိုင်သာယာမှာ စက်ရုံမီးရှို့သူ ဆိုပြီး ဆုငွေ ဒေါ်လာ ၁၀ သန်း ထုတ်ထားတဲ့ အမျိုးသမီးရဲ့ ဓာတ်ပုံကို ကြော်ငြာပေးနေတာမျိုး၊ စစ်ကောင်စီကို ဆန့်ကျင်နေသူတွေကို အကြမ်းဖက်ဖို့ အကြံပြုနေတာမျိုးအပြင် မြန်မာပြည်မှာ IS အကြမ်းဖက်အဖွဲ့ ရှိနေပြီဆိုတဲ့ သတင်းမျိုးတွေကို တားဆီးမှုမရှိဘဲ အကြံပြု ပေးနေတာမျိုးတွေ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ရေးသား ဖော်ပြမှုတွေ ရှိတယ်၊ ဆန္ဒပြမှုတွေ ဖြစ်အောင် စီစဉ်တာတွေ ရှိတယ်ဆိုပြီး အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာ Facebook ကို စစ်တပ်က အသုံးပြုခွင့် ခဏပိတ်ခဲ့ပါသေးတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်ကထိန်းချုပ်ထားတဲ့ အင်တာနက်စာမျက်နှာတွေကို Facebook နဲ့ သူပိုင်တဲ့ Instagram လူမှုကွန်ရက်တွေကနေ ဖယ်ရှားမယ်လို့ Facebook က ကတိပေးထားပေမယ့်လည်း စစ်တပ်လုပ်ရပ်ကို အားပေးရေး စာမျက်နှာတွေမှာ ရှိနေတုန်းပဲလို့ Global Witness အဖွဲ့က ဆိုပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး ချမှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာတဲ့ ရေးသားဖော်ပြမှုတွေရှိလာရင် ချက်ချင်း အရေးယူဆောင်ရွက်မယ်လို့ အင်္ဂါနေ့တုန်းကပဲ ဖေ့ဘွတ်ခ်ကုမ္ပဏီက ပြောပါတယ်။
Facebook ကုမ္ပဏီဟာ ဟွန်ဒူးရပ်စ်နဲ့ အာဇာဘိုင်ဂျန်နိုင်ငံတွေမှာလိုပဲ မြန်မာနိုင်ငံမှာလည်း သတင်းမှားတွေ၊ အကြမ်းဖက် အားပေးမှုတွေ ထိန်းချုပ်တဲ့နေရာမှာ အောင်အောင်မြင်မြင်မလုပ်နိုင်ဘူးလို့ Global Witness အဖွဲ့က ဝေဖန်ပါတယ်။ အခုလို Facebook အနေနဲ့ မအောင်မမြင်ဖြစ်ရခြင်းဟာ အသုံးပြုနေတဲ့ Algorithm နည်းပညာ ရဲ့လိုအပ်ချက်တွေကြောင့်ဖြစ်တယ်လို့ Global Witness အဖွဲ့ရဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။