ဗုံးသီးပေါက်ကွဲမှု တစ်ဦးသေ၊ သုံးဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ညောင်ပင်လှကျေးရွာအနီးမှာ မနေ့က ဗုံးသီးပေါက်ကွဲမှုကြောင့် တစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အသက် ၄၂ နှစ်အရွယ် ဦးဝင်းနိုင်ဟာ ဟင်းရှာသွားစဉ် တွေ့ရှိခဲ့တဲ့ ဗုံးသီးကို ယူဆောင်လာကာ ရွာအနီးမှာ ဗုံးသီးကို ထုကြည့်ရာမှာ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

အဲဒီဗုံးသီးပေါက်ကွဲမှုကြောင့် ဦးဝင်းနိုင် သေဆုံးပြီး အသက် ၅၀ နှစ်အရွယ် ဒေါ်ခင်သန်းနု၊ အသက် ၃၈ နှစ်အရွယ် ဒေါ်အဝိုင်းချေ၊ အသက် ၅၁ နှစ်အရွယ် ဒေါ်ကျော့လုံးခင်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာတယ်လို့ မြောက်ဦးမြို့ ကရုဏာလှိုင်းသွေးအလှူရှင်များအသင်း အဖွဲ့ဝင်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒဏ်ရာရရှိသူ သုံးဦးထဲက တစ်ဦးဟာ မျက်လုံးမှာ ထိခိုက်ဒဏ်ရာရတာဖြစ်ပြီး စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ သူတို့ သုံးဦးဟာ မြောက်ဦးမြို့ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။

မြောက်ဦးမြို့နယ်ဟာ အစိုးရတပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဗုံးသီဟာ ဘယ်အဖွဲ့က ကျန်ခဲ့တဲ့ ဗုံးသီးဆိုတာကိုတော့ အတိအကျ ပြောဆိုနိုင်ခြင်း မရှိကြပါဘူး။