ပြည်ပရောက်မြန်မာတွေ စစ်ကောင်စီကို အခွန်မဆောင်ဖို့ ပြည်တွင်းပြည်ပ အဖွဲ့ ၁၆ ဖွဲ့ တောင်းဆို

RFA Burmese
2024.01.08
ပြည်ပရောက်မြန်မာတွေ စစ်ကောင်စီကို အခွန်မဆောင်ဖို့ ပြည်တွင်းပြည်ပ အဖွဲ့ ၁၆ ဖွဲ့ တောင်းဆို စစ်ကောင်စီ၏ အခွန် နှစ်ရာခိုင်နှုန်းကောက်ခံမှုအပေါ် ထိုင်းရောက် မြန်မာအလုပ်သမားများ ဘန်ကောက်ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြစဉ်။
RFA

ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ စစ်ကောင်စီရဲ့ ဝင်ငွေခွန်ကောက်မယ့်အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း ထုတ်ဖော်ပြသဖို့နဲ့ သွေးစွန်းငွေ၊ သွေးစွန်းအခွန်များ ဖြတ်တောက်ရာမှာ ပူးပေါင်းပါဝင် ကြဖို့ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ အဖွဲ့အစည်း ၁၆ ခုက ဇန်နဝါရီလ ၈ ရက် ဒီနေ့မှာ ထုတ်ပြန်တောင်းဆိုပါတယ်။

စစ်ကောင်စီကောက်ခံမယ့် အခွန်ငွေတွေဟာ ပြည်သူတွေကိုသတ်ဖြတ်မယ့် ကျည်ဆန်ဖိုးနဲ့ လေယာဥ်ဆီဖိုးအဖြစ် စီးဆင်းမယ့်အခွန်ငွေဖြစ်တာကြောင့် ပြည်ပရောက်မြန်မာတွေအနေ နဲ့ ဉာဏ်အားသင့်သလို မျက်စိဖွင့် နားစွင့်ပြီး တတ်နိုင်တဲ့နည်းနဲ့ ပူးပေါင်းပေါင်းပါဝင်ကြဖို့ "ပြည်ပသို့ပေးစာ” ဆိုတဲ့ အဲဒီတောင်းဆိုစာမှာ ဖော်ပြထားပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ ကိုအောင်သူကတော့ အခွန်ငွေပေးဆောင်မှာ မဟုတ်ဘဲ ပတ်စ်ပို့စာအုပ် သက်တမ်းတိုးတဲ့အခါ အခြေအနေ စောင့်ကြည့်ရမယ်လို့ RFA ကို ပြောပါတယ်။

“အခွန်ဆောင်ရင် စစ်ကောင်စီရဲ့ လက်နက်ဖိုးနဲ့ သွေးစွန်းငွေဖြစ်မယ်ဆိုတာ သိပါတယ်။ ဒီအတွက် အခွန် မဆောင်ဘဲနေလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်လည်း မကြာခင်လပိုင်း စာအုပ်သက်တမ်းကုန်တော့မယ် ဆိုတော့ သံရုံးရဲ့အခြေအနေ စောင့်ကြည့်ရမယ်။ နဂိုကတည်းက နိုင်ငံမဲ့ဖြစ်နေပြီးသားပါ။ အခွန်မဆောင်ရင်လည်း နိုင်ငံမဲ့ ဖြစ်ပေမယ့် စစ်ကောင်စီအတွက် သွေးစွန်းငွေတော့ မဖြစ်တော့ဘူးပေါ့"

စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့က အခွန်ကောက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေတစ်ရပ် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကစလို့ ပြည်ပရောက်မြန်မာတွေရဲ့ ရရှိတဲ့ လစာဝင်ငွေအပေါ် မူတည်ပြီး ဝင်ငွေခွန်စည်းကြပ် ကောက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီဥပဒေအရ ပြည်ပရောက်မြန်မာတွေအနေနဲ့ စစ်ကောင်စီရဲ့ လက်အောက်ခံသံရုံးတွေမှာ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စာအုပ် သက်တမ်းတိုးချိန်မှာ အခွန်ငွေဆောင်မှသာ ရောက်နေ တဲ့နိုင်ငံမှာ နေထိုင်ခွင့် ဗီဇာရရှိဖို့နဲ့ မြန်မာနိုင်ငံ ပြန်လာခွင့်ရရှိမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။