စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ တဖြည်းဖြည်းလျော့နည်းလာ

တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်မှာ ၂၀၁၈ ခုနှစ် မတ်လ ၇ ရက်နေ့က တွေ့ရစဉ်
တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်မှာ ၂၀၁၈ ခုနှစ် မတ်လ ၇ ရက်နေ့က တွေ့ရစဉ် (ဓါတ်ပုံ - မောင်သိန်း(ဒဿနိက))

တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာရပ်တစ်ခု ဖြေဆိုပြီးတိုင်း ဝင်ရောက်ဖြေဆိုသူ ဦးရေဟာ လျော့နည်းလာပြီး သင်္ချာဘာသာဖြေဆိုတဲ့နေ့ မနေ့ကအထိဆိုရင် စာမေးပွဲဖြေဆိုဖို့ မူလစာရင်းပေးထားတဲ့ ဦးရေထက် ငါးသောင်းကျော် လျော့နည်းသွားတယ်လို့ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက် တာ အောင်အောင်မင်းက ဒီနေ့ ပြောပါတယ်။

ဒီနှစ်မှာ ပြင်ပဖြေဆိုသူ အရေအတွက်များလာပြီး ဒုတိယနေ့မှာ မေးခွန်းခက်တာကြောင့် ဆက်မဖြေကြတော့ တာဖြစ်နိုင်တယ်လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်း က ပြောပါတယ်။

"အပြင်ဖြေတိုးတာလည်းပါတယ်၊ အဲဒီတော့ အပြင်ဖြေတွေတိုးတော့ အပြင်ဖြေဆိုတာ နှစ်ချို့တွေပေါ့လေ၊ ဆယ်တန်း သုံးလေးနှစ်ကျထားတာကို ဝင်ဖြေတော့ အင်္ဂလိပ်စာနေ့မှာ မဖြေနိုင်တော့ဘူးဆို နောက်နေ့မှာ သူတို့က မလာတော့ဘူး၊ အဲဒီလိုမျိုးတွေလည်း ပါမှာပါ၊ နှစ်စဉ်နှစ်တိုင်းကတော့ ဒီလိုပါပဲ တစ်ဘာ သာဖြေပြီးလျော့တယ်၊ မြန်မာစာဖြေတဲ့ လူဦးရေနဲ့ အင်္ဂလိပ်စာဖြေတဲ့ လူဦးရေနဲ့ဆို အင်္ဂလိပ်စာမှာ လျော့သွားမယ်၊ နောက်နေ့ သင်္ချာဆက်ဖြေရင် သင်္ချာမှာ ဆက်လျော့ဦးမယ်"

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က စတင်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ မူလက စာရင်းသွင်းထားသူ ရှစ်သိန်းခွဲနီးပါးရှိခဲ့ပြီး မြန်မာဘာသာ စတင်ဖြေဆိုတဲ့နေ့မှာပဲ ဖြေဆိုသူ ခုနှစ်သိန်းကျော်သာ ရှိခဲ့တာဖြစ်ပါတယ်။

ဒုတိယနေ့ အင်္ဂလိပ်ဘာသာ ဖြေဆိုတဲ့နေ့မှာ မြန်မာဘာသာ ဖြေဆိုတဲ့နေ့ထက် အယောက် ၈၀၀ ကျော် လျော့နည်းခဲ့ပြီး သင်္ချာဘာသာနေ့မှာ အယောက် ငါးရာကျော် လျော့နည်းခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၇ ရက်နေ့ကနေ မတ်လ ၁၆ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပါတယ်။