တက္ကသိုလ်ဝင်တန်း စာမေးပွဲ ၃ဝ ရာခိုင်နှုန်း အောင်မြင်


2016.06.11
exam-list-620.jpg ၂ဝ၁၆ ခုနှစ် စာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း အောင်စာရင်း လာရောက်ကြည့်ရှုသူတွေကို ဇွန်လ ၁ဝ ရက်နေ့ညက ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်း အထက(၁)မှာ တွေ့ရစဉ်
Photo : Aung Thain Kha/RFA

၂ဝ၁၆ ခုနှစ် စာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၆ သိန်း ၃ သောင်းကျော်ရှိရာမှာ ၁ သိန်း ၉ သောင်း ကျော် အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း ၃ဝ နီးပါးရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မနှစ်ကထက် အောင်မြင်မှုနှုန်း ၂ ရာခိုင်နှုန်းကျော်လောက် ကျသွားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့က ပြောပါတယ်။

"ကျမတို့ မနှစ်ကအောင်ချက်ထက်စာရင်တော့ ၂.၈ လောက်တော့ ရန်ကုန်က ကျပါတယ်၊ ဒါပေမယ့် တစ်နိုင်ငံလုံးအောင်ချက်အနေနဲ့ ဆိုရင်တော့ ကျမတို့ တတိယဝင်သွားတဲ့အတွက်ကြောင့် အဆင့်တက် ပါတယ်၊ ရာနှုန်းတော့ ကျပါတယ်၊ တစ်နိုင်ငံလုံးယှဉ်လိုက်ရင်တော့ မွန်က ပထမ၊ ဒုတိယက မန္တလေး၊ တတိယကတော့ ရန်ကုန်ပါ၊ ရန်ကုန်မှာဖြေဆိုဦးရေက အများဆုံးပါပဲ၊ တစ်သိန်းကျော်ပါတယ်"

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ဒီနှစ် ဘောဂဗေဒဘာသာရပ်မှာ ကျရှုံးသူများတာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီနှစ်မှာဆိုရင် အောင်ချက်အကောင်းဆုံးက မွန်ပြည်နယ်ဖြစ်ပြီး ၃၉ ရာခိုင်နှုန်းကျော်၊ ဒုတိယက မန္တလေးတိုင်း ၃၅ ရာခိုင်နှုန်းကျော်၊ တတိယကတော့ ရန်ကုန်တိုင်းဖြစ်ပြီး ၃၃ ရာခိုင်နှုန်းကျော်ရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီနှစ်အောင်စာရင်းအရ ခြောက်ဘာသာဂုဏ်ထူးရှင် တစ်နိုင်ငံလုံးမှာ ၉ဝဝ နီးပါရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ၅ သိန်း ၉ သောင်းကျော်ရှိပြီး အောင်မြင်မှု ၃၇ ရာခိုင်နှုန်း ကျော် ဖြစ်ပါတယ်။

ဒီနေ့ထုတ်ပြန်လိုက်တဲ့ တက္ကသိုလ်ဝင်တန်းအဆင့် အောင်စာရင်းအရ တစ်နိုင်ငံလုံးမှာ အောင်မြင်တဲ့ ကျောင်းသား ရာခိုင်နှုန်း ၃၀ နီးပါးပဲရှိပါတယ်။ ဒါဟာ အစိုးရရဲ့ ပညာရေးအသုံးစားရိတ်ရော၊ ကျောင်းသား၊ မိဘနဲ့ ဆရာတွေရဲ့ ငွေအား လူအားစိုက်ထုတ်မှုတွေမှာ ဆုံးရှုံးရတာဖြစ်တဲ့အတွက် ပညာရေးစနစ် ကို ပြုပြင်ပြောင်းလဲသင့်ပြီလို့ နိုင်ငံလုံးဆိုင်ရာပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ကွန်ရက်အဖွဲ့ NNER က ဒေါက်တာသိန်းလွင်ကပြောပါတယ်။

RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

၂၀၁၆ ခုနှစ် မတ်လမှာ ဖြေဆိုခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ တစ်နိုင်ငံလုံးမှာ အောင်မြင်သူ ၂၉ ရာခိုင်နှုန်းလောက်ရှိတယ်လို့  ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အရင်နှစ်တွေကထက်စာရင် အောင်မြင်မှုရာခိုင်နှုန်း လျော့နည်းသွားတယ်လို့လည်း ပညာရေးလေ့လာသူတွေ က ပြောပါတယ်။

RFA သတင်းထောက် မဇာဏီထွဏ်းက စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။