ဒုသမ္မတဟောင်း ၂ ဦး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကတိသစ္စာပြု
ဒုတိယသမ္မတဟောင်း ဦးဉာဏ်ထွန်း ၊ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ စက်မှု ဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးမောင်မြင့်တို့ဟာ လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ဒီကနေ့ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ ကတိသစ္စာပြုကြပါတယ်။
-
2016-03-31 -
-
-
ဒုတိယသမ္မတဟောင်း ဦးဉာဏ်ထွန်း၊ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ စက်မှုဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးမောင်မြင့် တို့ဟာ လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ကတိသစ္စာပြုကြပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ကတိသစ္စာပြုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ကြေညာခဲ့ပါတယ်။
"ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသော လားရှိုးမဲဆန္ဒနယ် မှ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဇီးကုန်းမဲဆန္ဒနယ်မှ ဦးဉာဏ်ထွန်းနဲ့ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့် တို့ သုံးဦးသည် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတင်ပြီး ၁ ရက် ၂ လ ၂ဝ၁၆ ရက် မှ ၃ဝ ရက် ၃ လ ၂ဝ၁၆ ရက်အထိ ခွင့်ယူထားပါသဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကတိသစ္စာမပြုရသေးတဲ့အတွက် ၂ဝ၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ (၈) ပုဒ်မခွဲ (ခ) အရ ဥက္ကဌရှေ့မှောက်မှာ ကတိသစ္စာပြုပြီး ရေးထိုးရမှာဖြစ်ပါတယ်"
အရင် လွှတ်တော်အစည်းအဝေးတွေ ကျင်းပတဲ့ရက်တွေတုန်းက သူတို့သုံးဦးဟာ အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်နေကြတဲ့အတွက် ဖေဖော်ဝါရီလဆန်းပိုင်းကနေ မတ်လကုန်ပိုင်းအထိ လွှတ်တော်ကနေ ခွင့်ယူထားကြတာဖြစ်ပါတယ်။
မနေ့က အစိုးရတာဝန်တွေလွှဲပြောင်းပြီးနောက် အရင်အစိုးရတာဝန်တွေပြီးဆုံးပြီဖြစ်တာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် အခုလို ကတိသစ္စာပြုကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ဦးဉာဏ်ထွန်းဟာ ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမဲဆန္ဒနယ်၊ ဒေါက်တာ စိုင်းမောက်ခမ်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမဲဆန္ဒနယ်နဲ့ ဦးမောင်မြင့်ဟာ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမဲဆန္ဒနယ်တွေကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ အနိုင်ရရှိခဲ့ကြတာ ဖြစ်ပါတယ်။