(၉၁) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ စုပေါင်းကျင်းပ

ရန်ကုန်မြို့ ရွှေညဝါ သာဓု ပရိယတ္တိ စာသင်တိုက်မှာ ဒီကနေ့ မနက်ပိုင်းက နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုပေါင်းပြီး အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့က နိုင်ငံရေး အကျဉ်းသားဟောင်းများ စုပေါင်းပြီး ရန်ကုန်မြို့ ရွှေညဝါ သာဓု ပရိယတ္တိ စာသင်တိုက်တွင် ပြုလုပ်သည့် (၉၁) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ရွှေညဝါ ဆရာတော်ဘုရားကြီးနှင့် အတူ တွေ့ရသော နိုင်ငံရေးအကျဉ်းသားဟောင်းများ။ (ဓာတ်ပုံ- မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ရက်) PPFBN

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးဟာ မြန်မာ့နိုင်ငံရေး ပြောင်းလဲတိုးတက်လာဖို့ အဓိက ဆောင်ရွက်ရမယ့် အဆင့်တွေဖြစ်တယ်လို့ အခမ်းအနားတက်ရောက်သူ အားလုံးက တညီတညွတ်တည်း တောင်းဆိုခဲ့ကြကြောင်း ဦးဆောင်ကျင်းပသူ တဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းတွေ စုစုစည်းစည်း ကျင်းပခဲ့တဲ့ ဒီပွဲကစပြီး နောင်မှာလည်း လစဉ် လတိုင်း လူမှုရေးနဲ့ ပရဟိတ လုပ်ငန်းတွေကို ဆောင်ရွက်သွားကြမယ့်အကြောင်းနဲ့ အဲဒီ လုပ်ငန်းစဉ်တွေအတွက် လဆန်း (၁) ရက်နေ့တိုင်း တွေ့ဆုံတိုင်ပင်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့ အခမ်းအနားမှာ ရွှေညဝါ ဆရာတော်ဘုရားကြီးက ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေး တရားတော်ကို ဟောကြားခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်နဲ့ နိုင်ငံကျော် စာရေးဆရာကြီး ဒဂုန်တာရာ တို့ကလည်း အသီးသီး အမှာစကား ပြောခဲ့ကြပါတယ်။

ဒီပွဲကို တက်ရောက်လာသူ ဧည့်ပရိသတ် စုစုပေါင်း ၅ ရာကျော် ရှိပြီး နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ဆရာတော် သံဃာတော် အပါး ၂ ရာကျော်ကို ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြပါတယ်။

၁၉၂ဝ ပြည့်နှစ်က ပညာရေး လွတ်လပ်ခွင့်အတွက် နယ်ချဲ့ဗြိတိသျှအစိုးရကို ရန်ကုန် တက္ကသိုလ် ကျောင်းသားတွေ ပထမဆုံး သပိတ်မှောက် ဆန္ဒပြခဲ့တဲ့နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် ဂုဏ်ပြု သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org