နိုင်/ကျဉ်းဟောင်းများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ (ယာယီ) ဖွဲ့စည်း

နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ အကျိုးကို ကူညီ ဆောင်ရွက်ပေးဖို့နဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ကာလမှာ နိုင်ငံရေး အကျဉ်းသားတွေအနေနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်ပြီး တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်နိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ(ယာယီ) ကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်က ဗဟန်းမြို့နယ်၊ M3 စားသောက်ဆိုင်တွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ အစည်းဝေး ကျင်းပနေစဉ်။ RFA

ဒီကနေ့ နေ့လည်ပိုင်း ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရားအနီးက M3 စားသောက်ဆိုင်မှာ ကျင်းပတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီရဲ့ အစည်းဝေးမှာ ကော်မတီဝင် (၁၅) ဦး ပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ(ယာယီ) ကို ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့အစည်းဝေးကို ၈၈ မျိုးဆက်ကျောင်းသားတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေး အကျဉ်းသားဟောင်းတွေအပြင် Generation Wave နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့က နိုင်ငံရေး အကျဉ်းသားဟောင်းတွေပါ တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org