အထက်မြန်မာပြည် နိုင်/ကျဉ်းဟောင်းများ လူမှုကွန်ရက်ဖွဲ့စည်း

မန္တလေး မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်းနဲ့ ၅၅ လမ်းမှာရှိတဲ့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ ကျင်းပခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံပွဲအပြီးမှာ အထက်မြန်မာပြည် နိုင်ငံရေး အကျဉ်းသားဟောင်းများ လူမှုကွန်ရက်ကို ကော်မတီ (၅)ခု လူအင်အား ၅၀ နဲ့ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

ဒီလို အခမ်းအနားကျင်းပဖို့နဲ့ အဖွဲ့အစည်းဖွဲ့နိုင်ဖို့ ကူညီပံ့ပိုးပေးခဲ့တဲ့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဦးတေဇောဘာသက သူရဲ့ခံယူချက်နဲ့ ပတ်သက်ပြီး RFA ကို အခုလိုပြောပါတယ်။

"အကျဉ်းသားအဖြစ်နဲ့ ခံစားနေရတဲ့အခါမှာ သူတို့မိသားစုတွေကို အာဏာပိုင်တွေက စီးပွားရေးဒုက္ခ၊ လူမှုရေးဒုက္ခ၊ ကျန်းမာရေးဒုက္ခ၊ သားသမီးတွေရဲ့ ပညာရေးဒုက္ခ အမျိုးမျိုးရောက်အောင် နှိပ်စက်ခဲ့တော့ အဲဒါတွေကို ခံစားခဲ့ရသူတွေက အခု မလွတ်မြောက်သေးတဲ့ နိုင်ငံရေး အကျဉ်းသားလေးတွေကို လွတ်မြောက်စေချင်တာ၊ လွတ်မြောက်ပြီးသား အကျဉ်းသားလေးတွေ စီးပွားရေး ဒုက္ခရောက်ကြတော့ သူတို့ကို ဝိုင်းဝန်းကူညီချင်တာ၊ အဲဒီလို ကူညီချင်တဲ့အတွက်ကြောင့် အထက်မြန်မာပြည် နိုင်ငံရေး အကျဉ်းသားများအဖွဲ့ဆိုပြီး စိတ်ကူးတဲ့အကြောင်း၊ အဲဒီအတွက် စုံညီအစည်းအဝေးလုပ်ချင်လို့ ဆရာတော်အနေနဲ့ ဆရာတော်ကျောင်းကို ခွင့်ပြုပါလို့ ဘုန်းကြီးကို မေတ္တာရပ်ခံတော့ ဘုန်းကြီးရဲ့ ပင်ကိုယ်စိတ်ကိုက ဘာသာသာသနာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်တဲ့ ရဟန်းရှင်လူ မည်သူကိုမဆို ကိုယ်နဲ့သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကူညီစောင့်ရှောက်မယ်ဆိုတဲ့ စိတ်ဓာတ်အရ အခုဒီပွဲကို ကူညီစောင့်ရှောက်လိုက်ပါတယ်"

အလုပ်အမှုဆောင်အဖွဲမှာ ဦးသက်တင်၊ ဦးဂမ္ဘီရခေါ် ကိုညီညီလွင်၊ ကိုသန့်ဇင်၊ ကိုညီညီအောင်၊ ဒေါက်တာအောင်စိုးမြင့်၊ မအမာနီတို့ ပါဝင်တဲ့ (၁၅) ဦးအဖွဲ့က ဦးဆောင် လုပ်ကိုင်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့အခမ်းအနားကို နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေပါ တစ်ရာကျော် တက်ရောက်ခဲ့ပြီး အနှောင့်အယှက် တစုံတရာမရှိခဲ့ဘူးလို့ သိရပါတယ်။