၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့ တာတေစနေသား စာအုပ် ဖြန့်ချိ

စစ်အစိုးရလက်ထက် တလျှောက်လုံး ထုတ်ဝေခွင့် မပြုခဲ့တဲ့ မြန်မာနိုင်ငံ ပါလီမန်ဒီမိုကရေစီခေတ် ဝန်ကြီးချုပ်ဟောင်း ဦးနု ရေးသားထားတဲ့ တာတေစနေသား စာအုပ်ကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ HOME ခန်းမမှာ ဒီကနေ့ မိတ်ဆက် ဖြန့်ချိလိုက်ပါတယ်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က ဝန်ကြီးချုပ်ဟောင်း ဦးနု၏ တာတေစနေသား စာအုပ် မိတ်ဆက် ဖြန့်ချိခြင်း အခမ်းအနား၌ စာရေးဆရာ မောင်ဝံသ အမှာစကား ပြောကြားနေစဉ်။ RFA

ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို လူငယ်တွေ သတိတရ ရှိစေချင်တယ်လို့ စာရေးဆရာ မောင်ဝံသက ဒီကနေ့အခမ်းအနားမှာ အခုလို ထည့်သွင်းပြောကြားသွားပါတယ်။

"အဲဒီလောက် တိုင်းပြည်ကြီး အခြေအနေဆိုးပြီးတော့ ပြိုကွဲတော့မယ်ဆိုတာကို ကျုပ်ကို ဗိုလ်ချုပ်နေဝင်းက ပြောပါတဲ့။ ၂ မိနစ်အတွင်းမှာ ကျွန်တော် အာဏာလွှဲလိုက်မယ်။ ဘာမှအခုလို အာဏာသိမ်းတာတွေ မဖြစ်စေရဘူးတဲ့။ အာဏာသိမ်းတယ်ဆိုတာ စစ်တပ်အတွက်လည်း မကောင်ဘူး။ တိုင်ပြည်အတွက်လည်း မကောင်းတဲ့ အစဉ်အလာဖြစ်တယ်။ ဒီအစဉ်အလာကြီးကို ကာကွယ်ဖို့ ၂ မိနစ်အတွင်းမှာ အာဏာလွှဲလိုက်မယ်ဗျာတဲ့။ အဲဒီလို ပြောခဲ့တယ်။ ဒီလို ပုဂ္ဂိုလ်ကြီးဟာ မမေ့ကောင်း မပျောက်ကောင်း သူ့ကို သတိရနေရမယ်""

ဦးနုရဲ့သမီးကြီး ဒေါ်စန်းစန်းနုကလည်း ဒီစာအုပ် ပြည်တွင်းမှာ ထွက်ရှိလာတာကို ဝမ်းသာကြောင်း ဒီကနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

"ဒီစာအုပ် တာတေစနေသားက ဗမာပြည်မှာ အခုစာအုပ် ဖြစ်သွားပြီ။ ကျွန်မအဖေဟာ ဒီအချိန်မှာ လူ့လောကထဲမှာ မရှိတော့ဘူး။ အဲဒီအတွက် ကျွန်မတို့ စိတ်မကောင်းဖြစ်မိပါတယ်"

ငါတို့စာပေတိုက်က ထုတ်ဝေလိုက်တဲ့ ဝန်ကြီးချူပ်ဟောင်း ဦးနုရဲ့စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားမှာ ဦးနုရဲ့ သမီးကြီး ဒေါ်စန်းစန်းနု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ၊ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုတို့ အပါအဝင် ဖိတ်ကြားထားသူ ၁၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး ယခုထုတ်ဝေတဲ့ တာတေစနေသား စာအုပ်ဟာ ပြည်ပနိုင်ငံတွေမှာ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့နဲ့ ရိုက်နိုပ်ထုတ်ဝေပြီး ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org