နိုဝင်ဘာ ၁ ရက် တနင်္လာနေ့ထုတ် ဂါးဒီးယန်းသတင်းစာမှာ ဆောင်းပါး ရေးသားပြီး အခုလို ပြောဆို ဝေဖန်လိုက်တာပါ။
အဲဒီဆောင်းပါးမှာ မစ္စတာ ဂေါ်ဒွန်ဘရောင်းက - လာမဲ့နိုဝင်ဘာ ၇ ရက်နေ့မှာ ရွေးကောက်ပွဲ မျက်နှာဖုံးစွပ်ထားတဲ့ ဟန်ပြလုပ်ပွဲတခု ကျင်းပတော့မှာပါ၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရသလို၊ NLD ပါတီလည်း အဓမ္မ ဖျက်သိမ်းခံခဲ့ရပါတယ်၊ လွှတ်တော်နေရာ သုံးပုံတပုံကို စစ်တပ်က ယူထားတဲ့ အင်မတန် ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲပါတဲ့၊ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာလည်း အရပ်သား ကိုယ်စားလှယ်တွေ ဆိုတဲ့ အရပ်ဝတ်လဲထားတဲ့ စစ်ဗိုလ် ၄၀ ပါဝင်နေပါသေးတယ်၊ မြန်မာပြည် ကံကြမ္မာကတော့ ဝမ်းနည်းစရာပါ၊ ဒါပေမဲ့ အခု ကျနော်တို့ အားလုံး အလုပ် ပိုလုပ်ရမဲ့အချိန် ရောက်ပါပြီ၊ မြန်မာပြည်က အဆိုးရွားဆုံး မတရားမှုတွေကို ကျနော်တို့ တဦးချင်းရော၊ အားလုံးဝိုင်းဝန်းပြီးတော့ပါ ဘယ်လို ဖော်ထုတ်ကြမလဲ ဆိုတာ စဉ်းစားကြဖို့ အချိန်ရောက်ပါပြီ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံမကြားရနိုင်တဲ့အချိန်မှာ ကျနော်တို့ရဲ့အသံ ကို ကြားရအောင် လုပ်ကြရမှာပါလို့ ရေးသားခဲ့ပါတယ်။
ခေါင်းဆောင်တွေကို ပြစ်တင်ဝေဖန်ခဲ့တဲ့ မစ္စတာ ဂေါ်ဒွန်ဘရောင်းဟာ နိုင်ငံနဲ့ ပုဂ္ဂိုလ် အမည်တွေကို ထုတ်ဖော် မပြောဆိုခဲ့ပေမဲ့ လက်ရှိ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် ရောက်ရှိနေစဉ်အတွင်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ခရီးဦးကြိုပြုခဲ့တဲ့ အိန္ဒိယအစိုးရကို ရည်ရွယ်ဟန် ရှိတယ်လို့ ယူဆကြပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဂေါ်ဒွန်ဘရောင်းဟာ နိုင်ငံရေးလောကကို ပြန်လည်ဝင်ရောက်ဖို့ စတင် ကြိုးပမ်းနေပြီလို့ သိရပါတယ်။