မြန်မာကလေးငယ် ရှစ်သန်းနီးပါး အကာအကွယ်လိုအပ်နေကြောင်း အီးယူ ထုတ်ပြန်

RFA Burmese
2024.05.30
မြန်မာကလေးငယ် ရှစ်သန်းနီးပါး အကာအကွယ်လိုအပ်နေကြောင်း အီးယူ ထုတ်ပြန် ကယား (ကရင်နီ) ပြည်နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည် ကလေးငယ်များအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ်။
ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

မြန်မာနိုင်ငံက ကလေးငယ် ရှစ်သန်းနီးပါးဟာ အကာအကွယ်ပေးရေး အစီအစဉ်တွေလိုအပ်နေတယ်လို့ ဥရောပ သမဂ္ဂ (EU) က မေလ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကလေးငယ်တွေကို အကြမ်းဖက်မှုတွေကနေ ကာကွယ်ဖို့ မဖြစ်နိုင်လောက်အောင် ဆိုးရွားသွားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ပဋိပက္ခတွေက လွတ်လပ်စွာသွားလာခွင့်နဲ့ အကူအညီရယူခွင့်တွေကို ပြင်းပြန်းထန်ထန် ကန့်သတ်ထားရတယ်လို့လည်း ဆိုပါတယ်။

အခြေခံအဆောက်အဦတွေ ပျက်စီးမှု၊ လုံခြုံရေး အခြေအနေ၊ အကြမ်းဖက်မှုနဲ့ စစ်ဆေးရေးဂိတ်တွေ တိုးလာတာ အပါအဝင် စစ်ကောင်စီရဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့်လည်း လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေက ပိုပြီးဆိုးရွားသွားတယ်လို့ အီးယူက ပြောပါတယ်။

နိုင်ငံရေးပြဿနာတွေ၊ ပြင်းထန်တဲ့ပဋိပက္ခတွေနဲ့ ကာလကြာအောင် ကျောင်းပိတ်ထားရတာတွေကလည်း ကလေးတွေရဲ့ ပညာသင်ကြားခွင့်ကို အကြီးအကျယ်ထိခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီအခြေအနေတွေကြောင့်လည်း ကျောင်းထွတ်နှုန်းတွေ တိုးလာတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမှုကြောင့် ကျန်းမာရေးနဲ့ အစာအဟာရ အကျပ်အတည်းတွေကြုံရတဲ့အပြင် ကျန်းမာရေး အဆောက်အအုံတွေနဲ့ ဝန်ထမ်းတွေကို တိုက်ခိုက်တာတွေကြောင့်လည်း ကာကွယ်ဆေးထိုးလုပ်ငန်းတွေနဲ့ လူထုကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတွေလည်း ရပ်တန့်သွားတယ်လို့ ဆိုပါတယ်။

ကလေးတွေအပေါ် အဲဒီသက်ရောက်မှုတွေက အနာဂတ်မြန်မာနိုင်ငံရဲ့ မျိုးဆက်အတွက် ကပ်ဆိုးတစ်ခုလို ဖြစ်လာလိမ့်မယ် ဥရောပသမဂ္ဂက ပြောပါတယ်။ ဒါ့အပြင် ပဋိပက္ခနဲ့ ရွှေ့ပြောင်းနေထိုင်မှုတွေကလည်း ကလေးငယ်တွေကို အဟာရချို့တဲ့မှုတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။

မြန်မာ့လူဦးရေရဲ့ လေးပုံတစ်ပုံနီးပါးဖြစ်တဲ့ လူဦးရေ ၁၂ ဒသမ ၉ သန်းဟာ စားနပ်ရိက္ခာ မလုံလောက်တဲ့အတွက် ကလေးတွေရဲ့ ပညာရေးကိုထိခိုက်နေသလို အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ လူဦးရေသုံးသန်းကျော်ရဲ့ တစ်ဝက်နီးပါးကလည်း ကလေးတွေဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။