မြန်မာ့အရေးအတွက် အီးယူ အထူးကိုယ်စားလှယ်ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ အီးယူ အထူးသံတမန်
မြန်မာနိုင်ငံဆိုင်ရာ အီးယူ အထူးသံတမန် (Photo - EU)

ဥရောပသမဂ္ဂ(EU)ရဲ့ အာဆီယံဆိုင်ရာသံအမတ် Igor Driesmans ကို မြန်မာနိုင်ငံဆိုင်ရာ အီးယူ အထူးသံတမန်အဖြစ်ပါ ထပ်ဆင့်တိုး ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဥရောပသမဂ္ဂက ဖေဖော်ဝါရီလ ၂၂ ရက် မနေ့က ကြေညာပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် အာဆီယံနိုင်ငံတွေနဲ့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းအားထုတ်နေမှုတွေအတွက် အထောက်အပံ့ဖြစ်ဖို့ ဒီတာဝန်ကို ခန့်အပ်လိုက်တာလို့ အီးယူက ပြောပါတယ်။

သံအမတ် Igor Driesmans ကလည်း မြန်မာ့အရေး ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံခေါင်းဆောင်တွေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်အကောင်အထည်ဖော်ရေး အစွမ်းကုန် ကြိုးစားသွားမယ်လို့ တွိတာလူမှုကွန်ရက်စာမျက်နှာကနေ အသိပေးရေးထားပါတယ်။

ရန်ကုန် အခြေစိုက် ပြင်သစ်သံရုံးကလည်း မြန်မာ့အရေးအတွက် အီးယူကနေ အထူးကိုယ်စားလှယ်ခန့်အပ်တာကို ကြိုဆိုကြောင်း ထုတ်ပြန်ပါတယ်။

မြန်မာ့အရေးဖြေရှင်းဖို့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု တရပ်ဖြစ်လာရေးကို ပြင်သစ်နိုင်ငံက ထောက်ခံအားပေးသွားမယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာပါပါတယ်။

အီးယူ ဥရောပသမဂ္ဂဟာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုံချထားပြီး အာဏာသိမ်း စစ်ခေါင်းဆောင်တွေကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ထားပါတယ်။ မြန်မာနိုင်ငံကို ငွေကြေးအရ အကူအညီပေးနေတာတွေလည်း ရပ်ဆိုင်းထားတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီဝန်ကြီးတွေအပါ ၂၂ ယောက်နဲ့ ကုမ္ပဏီ လေးခုကို EU က ထပ်မံ အရေးယူပိတ်ဆို့ထားပါတယ်။