စစ်ကောင်စီဝန်ကြီးတွေအပါ ၂၂ ယောက်နဲ့ ကုမ္ပဏီ လေးခုကို EU အရေးယူပိတ်ဆို့

၂၀၂၁၊ မေ ၅ ရက်နေ့က ဘရပ်ဆဲလ်ရှိ ဥရောပကော်မရှင်ရုံးချုပ်အပြင်ဘက်မှာ ဥရောပသမဂ္ဂအလံကို လွှင့်တင်ထားစဉ်
၂၀၂၁၊ မေ ၅ ရက်နေ့က ဘရပ်ဆဲလ်ရှိ ဥရောပကော်မရှင်ရုံးချုပ်အပြင်ဘက်မှာ ဥရောပသမဂ္ဂအလံကို လွှင့်တင်ထားစဉ် (Photo: KENZO TRIBOUILLARD / AFP)

EU ဥရောပသမဂ္ဂက မြန်မာစစ်ကောင်စီအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် လျာထားသတ်မှတ်ခံရတဲ့သူတွေ အပါအဝင် စုစုပေါင်းလူပုဂ္ဂိုလ် ၂၂ ယောက်နဲ့ ကုမ္ပဏီ လေးခုကို ပိတ်ဆို့အရေးယူတဲ့စာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကြေညာလိုက်ပါတယ်။

အရေးယူခံရတဲ့သူတွေကတော့ စစ်ကောင်စီခန့်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးအောင်နိုင်ဦး၊ စက်မှုဝန်ကြီး ဦးချာလီသန်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင်၊ ပြန်ကြားရေး ဝန်ကြီး ဦးမောင်မောင်အုန်းတို့ ပါဝင်သလို၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် လူကြီးတွေလည်း ပါဝင်ပါတယ်။

EU က အရေးယူပိတ်ဆို့လိုက်တဲ့ ကုမ္ပဏီ လေးခုထဲမှာတော့ ဦးတေဇရဲ့ ထူးကုမ္ပဏီ၊ ဦးနေအောင်ရဲ့ International Group of Entrepreneurs (IGE) ကုမ္ပဏီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနလက်အောက်ခံ No. 1 Mining Enterprise နဲ့ မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း MOGE တို့ဖြစ်ပါတယ်။