မြန်မာနိုင်ငံက လူပုဂ္ဂိုလ်ခြောက်ဦးနဲ့အဖွဲ့အစည်းတစ်ခုကို အီးယူ ထပ်တိုးပိတ်ဆို့

RFA Burmese
2023.07.20
မြန်မာနိုင်ငံက လူပုဂ္ဂိုလ်ခြောက်ဦးနဲ့အဖွဲ့အစည်းတစ်ခုကို အီးယူ ထပ်တိုးပိတ်ဆို့ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂရုံးချုပ်။
AFP

မြန်မာနိုင်ငံမှာ ပိုဆိုးလာတဲ့ အခြေအနေတွေကြောင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ခြောက်ဦးနဲ့ အဖွဲ့အစည်းတစ်ခုကို ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်လိုက်တဲ့အကြောင်း မနေ့က ထုတ်ပြန်ပါတယ်။

မနေ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ စစ်ကောင်စီရဲ့ပြည်ထောင်စုဝန်ကြီး သုံးဦး၊ စစ်ကောင်စီအဖွဲ့ဝင် နှစ်ဦးနဲ့ စစ်ထောက်ချုပ်တစ်ဦးတို့ အပြင် မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မြန်မာ့သတ္တုတွင်းလုပ်ငန်းတို့ကို ပိတ်ဆို့အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းလိုက်တယ်လို့ ပါရှိပါတယ်။

အခုအချိန်မှာ ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၉၉ ဦးနဲ့ အဖွဲ့အစည်း ၁၉ ခုကို ပိတ်ဆို့အရေးယူထားပြီး ဒီစာရင်းထဲမှာ ပါဝင်သူကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ ပိုင်ဆိုင်မှုတွေကို ဆိုင်းငံ့ထားတာနဲ့ ငွေကြေးလွှဲပြောင်းပေးအပ်မှုတွေကို တားမြစ်ချက်တွေ ချမှတ်ထားတာ ဖြစ်ပါတယ်။

image (2).jpg
၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်က ထုတ်ပြန်သည့် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူသည့်စာရင်းတွင် ပါရှိခဲ့သည့် ရေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်မောင်မောင်အေး၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး (ဝဲ မှ ယာ)။

ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံကို လက်နက်နဲ့စက်ပစ္စည်းတွေ၊ ဆက်သွယ်ရေး ပစ္စည်းတွေ၊ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေမှာ လက်နက်အဖြစ်သုံးနိုင်တဲ့ ကုန်ပစ္စည်းတွေကို မတင်ပို့ဖို့လည်း တားမြစ်ထားပြီး မြန်မာစစ်တပ်ကို သင်တန်းပေးတာတွေ အားလုံးကိုလည်း ရပ်တန့်ထားပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂကနေ မြန်မာအစိုးရကို တိုက်ရိုက်ပေးအပ်နေတဲ့ ဘဏ္ဍာရေးအကူအညီတွေကို ရပ်ဆိုင်းထားပြီး၊ စစ်ကောင်စီကို တရားဝင်ဖြစ်မှုပေးတယ်လို့ ယူဆရတဲ့ အကူအညီအားလုံးကို ရပ်တန့်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။