မြန်မာနိုင်ငံကို ကုန်သွယ်အထူးအခွင့်အရေး ရုပ်သိမ်းရဖွယ်ရှိကြောင်း EU ပြောကြား


2018.10.05
eu-flag-622.jpg ဥရောပသမဂ္ဂအလံကို တွေ့ရစဉ်
AFP Photo

မြန်မာနိုင်ငံကို လက်ရှိခွင့်ပြုထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေ ပြန်လည်ရုပ်သိမ်းရဖွယ်ရှိတယ်လို့ ဥရောပသမဂ္ဂက သောကြာနေ့ မနေ့က သတိပေး ပြောကြားလိုက်ပါတယ်။

အဲဒီ EBA (Everything But Arms လက်နက်မှလွဲ၍ အရာအားလုံး) လို့ လူသိများတဲ့ အထူးအခွင့်အရေးပေး စာရင်းဝင် နိုင်ငံတွေအနေနဲ့ ဥရောပအဖွဲ့ဝင်နိုင်ငံတွေကို လက်နက်နဲ့ ခဲယမ်းကလွဲပြီး ကျန်ပစ္စည်းအားလုံး အခွန်ငွေကင်းလွတ်စွာနဲ့ ပမာဏကန့်သတ်ချက်မရှိ တင်ပို့ရောင်းချခွင့်ပြုထားပါတယ်။ ကာလသတ်မှတ်ချက်လည်း မရှိပါဘူး။ ဒါပေမဲ့ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုမျိုးလို ပြင်းထန်တဲ့အချက်တွေ ပေါ်ပေါက်လာရင်တော့ ချွင်းချက်နဲ့ ပြန်လည်ရုပ်သိမ်းခွင့် ရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့  လူ့အခွင့်အရေးတွေကို ပြင်းထန်စွာ ချိုးဖောက်ခဲ့တဲ့အတွက် မိမိတို့ရဲ့ မူဝါဒအရ ဒီကိစ္စကို ဥပက္ခပြုလို့မရပါဘူးးလို့ EU ဥရောပသမဂ္ဂ ကုန်သွယ်ရေး ကော်မရှင်မင်းကြီး Cecilia Malmstorm စီဆီးလီယာ မဲလ်မစတွန်းမ် ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့အတွက် မြန်မာနိုင်ငံကို အချက်အလက် ရှာဖွေရေးအဖွဲ့တစ်ခု မကြာခင်ရက်ပိုင်းအတွင်း သွားရောက်မယ်လို့လည်း ဆိုပါတယ်။

တပြိုင်နက်မှာပဲ ကမ္ဘောဒီးယားနိုင်ငံအပေါ် အလားတူပေးအပ်ထားတဲ့ အခွင့်အရေးကိုတော့ ဒီကနေ့ ပြန်လည် ရုပ်သိမ်းလိုက်ပြီလို့ သူမက ထုတ်ပြန်ပြောကြားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက ကျင်းပခဲ့တဲ့ ကမ္ဘောဒီးယား အထွေထွေရွေးကောက်ပွဲတွေမှာ အာဏာရှင် ဟွန်ဆန် ဆက်လက်အနိုင်ရခဲ့တာနဲ့ ပတ်သက်ပြီး မဲမသာမှု ရှိခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်ခဲ့ပါတယ်။

အဲဒီ ရွေးကောက်ပွဲကို မိမိတို့ လေ့လာစောင့်ကြည့်သူတွေ စေလွှတ်ခဲ့ရာမှာ မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်နှောင့် ယှက်မှုတွေ ရှိတာကိုတွေ့ခဲ့ရတဲ့အတွက် ကုန်သွယ်ရေးဆိုင်ရာ အထူးကင်းလွတ်ခွင့်ကို ပြန်လည်ရုပ်သိမ်းတော့ မယ့်အကြောင်း ကမ္ဘောဒီးယားအစိုးရကို မိမိတို့ ဒီကနေ့ အကြောင်းကြားလိုက်ပါပြီလို့ စီဆီးလီယာ ကပြောပါတယ်။

မြန်မာနိုင်ငံကို EU ကိုယ်စားလှယ်အဖွဲ့ သွားရောက်မယ့် နေ့ရက်အတိအကျကိုတော့ သူမက ပြောဆိုခဲ့ခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။