မြန်မာကို လူသားချင်းစာနာမှု အကူအညီပေးဖို့ WFP ထံ ယူရိုလေးသန်း EU လှူဒါန်း

2021.10.29
မြန်မာကို လူသားချင်းစာနာမှု အကူအညီပေးဖို့ WFP ထံ ယူရိုလေးသန်း EU လှူဒါန်း မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးတဲ့ ဒေသခံသူများကို WFP မှ လိုအပ်နေတဲ့ စားနပ်ရိက္ခာ အကူအညီတွေ ထောက်ပံ့ပေးနေစဉ်
Photo: United Nations Myanmar

မြန်မာနိုင်ငံက မြင့်တက်လာတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်ချက်တွေအတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကို ဥရောပသမဂ္ဂ (EU) က ယူရိုငွေ လေးသန်း လှူဒါန်းလိုက်ပါတယ်။

၂၀၂၁ ခုနှစ် အစပိုင်းကစပြီး ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က အသက်ကယ် အစားအစာနဲ့ အာဟာရလိုအပ်နေတဲ့ လူပေါင်း ၃၇၀,၀၀၀ ကျော်အတွက် စေတနာနဲ့ ကူညီတာဖြစ်တယ်လို့ မနေ့ကထုတ်ပြန်တဲ့ WFP ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီရံပုံတွေကို ဥရောပ အရပ်ဘက်ကာကွယ်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ညွှန်ကြားမှုဦးစီးဌာန (ECHO) က ပေးပို့လှူဒါန်းတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ နိုင်ငံရေး မငြိမ်သက်မှုတွေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေဟာ တိုင်းပြည်ကို တုန်လှုပ်ချောက်ချားစရာ အခြေအနေအထိ ရောက်နေပြီလို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့နှစ်အတွင်း မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာ အခြေအနေဟာ သိသိသာသာဆိုးရွားလာခဲ့ပြီး အခုနောက်ဆုံး EU ရဲ့ ကူညီထောက်ပံ့မှုကြောင့် မြန်မာနိုင်ငံရဲ့ လူသားချင်း စာနာမှု လိုအပ်ချက်တွေကို ပိုမိုမြှင့်တင် ကူညီနိုင်လိမ့် မယ်လို့ EU ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှု အစီအစဉ် ကြီးကြပ်သူ Luc Verna က ကြေညာချက်မှာ ထည့်သွင်း ပြောထားပါတယ်။

WFP ရဲ့ လေ့လာမှုအရ မြန်မာနိုင်ငံ နယ်စပ်ဒေသနဲ့ မြို့ပေါ်က ဆင်းရဲနွမ်းပါးတဲ့ ဒေသခံအချို့ဟာ ဆက်တိုက် ဖြစ်ပွားနေတဲ့ မငြိမ်သက်မှုတွေကြောင့် ထိခိုက်မှုတွေ ပိုများလာပြီး အများစုဟာ အစားအသောက်ရရှိဖို့ ပစ္စည်းတွေကိုရောင်းချတာ ချေးငှားတာတွေ လုပ်နေရတယ်လို့ ဆိုပါတယ်။

အစားအစာ လုံခြုံမှုမရှိခြင်းဟာ မြန်မာနိုင်ငံမှာ မကြုံဖူးတဲ့ အခြေအနေကို ရောက်ရှိနေပြီး အစားအသောက် စျေးနှုန်း မြင့်တက်လာခြင်းနဲ့ ဝင်ငွေအခွင့်အလမ်းတွေ နည်းပါးလာခြင်းကြောင့် များစွာသော မိသားစုတွေဟာ အစားအသောက်တွေကို နေ့စဉ်စားပွဲပေါ်တင်ဖို့ နည်းပါးလာနေတယ်လို့လည်း ဖော်ပြထားပါတယ်။

ထိခိုက်လွယ်တဲ့ နယ်စပ်ဒေသက ပြည်သူတွေကို ထောက်ပံ့ကူညီဖို့ အရေးကြီးနေပေမယ့်လည်း မကြာသေးခင် ကစ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ချင်း၊ ကယား၊ ရှမ်းပြည် (တောင်ပိုင်း)၊ မကွေးနဲ့ စစ်ကိုင်းတိုင်းက သောင်းနဲ့ချီတဲ့ ပြည်သူတွေထံ လုံခြုံမှုရှိစွာနဲ့ လူသားချင်း စာနာမှုအကူအညီတွေ ဝင်ရောက်ကူညီခွင့် ရဖို့ကလည်း မြန်မာနိုင်ငံမှာရှိတဲ့ လူသားချင်း စာနာထောက်မှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေအတွက် ထိပ်တန်း ဦးစားပေးဖြစ်နေတယ်လို့ WFP ကဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။