မြန်မာနိုင်ငံ ခရီးစဉ်အပေါ် အားတက်မိတယ်လို့ EU မဟာမင်းကြီးပြော

မြန်မာအာဏာပိုင်တွေ အနေနဲ့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေကို နိုင်ငံတွင်းက ဒုက္ခရောက်နေတဲ့ နေရာတွေကို ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိအောင် လိုက်လျော ဆောင်ရွက်ပေးမယ်လို့ ကတိပေးလိုက်တဲ့အပေါ် အားတက်မိတယ်လို့ ဥရောပသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားရေးရာ မဟာမင်းကြီး Ms. Kristalina Georgieva က မြန်မာနိုင်ငံကအပြန် Belgium နိုင်ငံ Brussels မြို့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

၂ဝ၁၁ ခုနှစ် စက်တင်ဘာလက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ဥရောပသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးရာ မဟာမင်းကြီး Ms. Kristalina Georgieva (အလယ်)။ (European Union)
၂ဝ၁၁ ခုနှစ် စက်တင်ဘာလက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ဥရောပသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးရာ မဟာမင်းကြီး Ms. Kristalina Georgieva (အလယ်)။ (European Union) (European Union)

မိမိတို့ လူသားချင်း စာနာထောက်ထားတဲ့ ပညာရှင်တွေ၊ ကူညီလုပ်ကိုင်ပေးကြတဲ့ အဖွဲ့တွေ မကြာခင်မှာ အဲဒီ ဒေသတွေဆီ သွားရောက်ကူညီခွင့်တွေ ရရှိမယ့် အရိပ်လက္ခဏာတွေ မြင်တွေ့ရလိမ့်မယ်လို့လည်း Ms. Georgievaက ပြောပါတယ်။

လူသားချင်း စာနာထောက်ထားမှုနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေအပြင် ထိုင်းနိုင်ငံရောက် ဒုက္ခသည်တွေကို ကူညီရေးအတွက် EU အဖွဲ့ရဲ့ အုပ်ချုပ်ရေးအဖွဲ့က အခုနှစ်မှာ ယူရိုငွေ ၂၂ သန်း လှူဒါန်းခဲ့ရာ အကူအညီပေးရေး အဖွဲ့ဝင်တွေ အားလုံး သွားရောက်ကူညီ လုပ်ကိုင်ခွင့် အာမခံချက် ရရှိဖို့ လိုအပ်တယ်လို့လည်း Ms. Georgievaက ဖြည့်စွက် ပြောကြားသွားပါတယ်။

အခုလို မြန်မာအစိုးရ ဝန်ကြီးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဆွေးနွေးခဲ့ရတဲ့ ရလဒ်အဖြစ် မိမိတို့ အနေနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှား ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောသွားပါတယ်။