အထည်ချုပ်လုပ်ငန်းတွေမှာ အခွင့်အရေးချိုးဖောက်မှု ပိုများလာကြောင်း ETI ပြော

2022.09.15
အထည်ချုပ်လုပ်ငန်းတွေမှာ အခွင့်အရေးချိုးဖောက်မှု ပိုများလာကြောင်း ETI ပြော ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန်မှ အထည်ချုပ်စက်ရုံ အလုပ်သမားများအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံအတွင်းက အထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်သမားတွေရဲ့ အခြေခံအခွင့် အရေးနဲ့ စံသတ်မှတ်ချက်တွေကို လိုက်နာတာမရှိသလို တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ လုပ်ငန်းတွေ ပိုများလာတယ်လို့ Ethical Trading Initiative (ETI) က စက်တင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။

"အထည်ချုပ်ကဏ္ဍ က စီးပွားရေးလုပ်ငန်းတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပတ်သက်တဲ့ အကြုံပြုချက် အစီရင်ခံစာ" လို့ အမည်ပေးထားတဲ့ အဲဒီအစီရင်ခံစာထဲမှာ အာဏာသိမ်း ကာလအတွင်း အလုပ်ရှင်တွေရဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်တဲ့ ဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားကြောင်းလည်း ဖော်ပြထားပါတယ်။

အလုပ်အဓမ္မ ခိုင်းစေတာ၊ လုပ်ခလစာ ခေါင်းပုံဖြတ်တာ၊ အခကြေးငွေ မပေးဘဲ အချိန်ပို ခေါ်တာ၊ လိင်ပိုင်း ဆိုင်ရာ နှောင့်ယှက် စော်ကားတာ စတဲ့ဖြစ်ရပ်တွေကို လုပ်ငန်းရှင်တွေ ဘက်က အလုပ်သမားတွေအပေါ်မှာ ကျူးလွန်နေတဲ့ အထောက်အထားတချို့ စစ်တမ်း ကောက်ယူထားတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

Ethical Trading Initiative (ETI) အဖွဲ့ဟာ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားတွေရဲ့ အခွင့်အရေးကို လေ့လာ စောင့်ကြည့် မှတ်တမ်းယူနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

တောင်ဒဂုံစက်မှုဇုန်က အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီး အလုပ်သမားတစ်ဦးကတော့ အလုပ်သမားတွေဟာ ခိုကိုးရာမဲ့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပြောပါတယ်။

"စက်ရုံအတွင်းမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာကတော့ ထမင်းစား ရေသောက် သဘောတောင် ဖြစ်နေပြီ၊ စက်ရုံပိုင်ရှင် သူဌေးကနေ စူပါဗိုက်ဇာ (Supervisor ) အထိ အာဏာရှိသလောက် အနိုင်ယူကြတာပဲ၊ အလုပ်သမား သမဂ္ဂတွေ ပြည်တွင်းမှာ မရှိတော့ အလုပ်သမားတွေဘဝက ခိုးကိုးရာမဲ့တာပဲ"

စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အလုပ်သမားသမဂ္ဂအဖွဲ့တွေ မရှိတော့တာကို အလုပ်ရှင်တွေက အခွင့်ကောင်းယူပြီး အလုပ်သမားအခွင့်အရေးတွေကို နည်းလမ်းမျိုးစုံနဲ့ ချိုးဖောက်မှုတွေ ရှိလာတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။