တိုင်းရင်းသား ဒုက္ခသည်တွေကို ဂျပန် ဖေါင်ဒေးရှင်းကူမည်

ဂျပန်နိုင်ငံ နီပွန်း ဖေါင်ဒေးရှင်း က မြန်မာနိုင်ငံ နယ်စပ်တလျှောက် တိုင်းရင်းသားဒေသတွေက ဒုက္ခသည်တွေ အတွက် အမေရိကန်ဒေါ်လာ (၃) သန်းနဲ့ညီမျှတဲ့ အရေးပေါ် အကူအညီတွေကို ပေးအပ်သွားမယ်လို့ သိရ ပါတယ်။

အခုလို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးအပ်ဖို့ ထိုင်းမြန်မာနယ်စပ် အခြေစိုက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ကို ဂျပန်နိုင်ငံ ဖိတ်ခေါ်ပြီး၊ အောက်တိုဘာ (၁၈) နဲ့ (၁၉) နှစ်ရက်ကြာ ကျင်းပတဲ့ တိုကျိုမြို့အစည်းအဝေးမှာ သဘောတူစာချွန်လွှာ ရေးထိုးခဲ့ကြတာ ဖြစ်တယ်လို့ UNFC ကိုယ်စားလှယ်အဖွဲ့ မှာ လိုက်ပါသွားတဲ့ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ခွန်မြင့်ထွန်းက RFA ကို ပြောပါတယ်။

နီပွန်း ဖေါင်ဒေးရှင်းကပေးမယ့် အကူအညီထဲမှာ ဆန်နဲ့ ဆေးဝါးပစ္စည်းတွေ ပါဝင်မှာဖြစ်ပြီး စစ်ဘေးဒဏ် ခံနေရတဲ့ ကချင်ဒေသကို အရေးပေါ်အကူအညီတွေ ပို့ပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံကို သွားရောက်ကြတဲ့ UNFC ကိုယ်စားလှယ်အဖွဲ့မှာ WNO ဝအမျိုးသားအဖွဲ့ကလွဲလို့ ကျန်တဲ့အဖွဲ့တွေက ကိုယ်စားလှယ် စုစုပေါင်း (၂၂) ဦးပါဝင်ကြောင်း သိရပါတယ်။

UNFC ကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရသူ ခွန်မြင့်ထွန်းနဲ့ RFA ကိုဉာဏ်ဝင်းအောင်တို့ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

0:00 / 0:00