ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း ဗိဿနိုး အနုပညာခန်းမမှာ မနေ့ မနက်ပိုင်း ၁၁ နာရီလောက်က တိုင်းရင်းသား ပါတီတွေနဲ့ တိုင်းရင်းသား လူမှု အကူအညီပေးရေး အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံစဉ်မှာ အဲဒီလို မေတ္တာရပ်ခံခဲ့ပါတယ်။ တိုင်းရင်းသားတွေကို ဘေးဖယ်ထားကြကြောင်း၊ တိုင်းရင်းသားတွေ ဆင်းရဲနွမ်းပါး ခေတ်နောက်ကျကြကြောင်း၊ လူ့အခွင့်အရေး အချိုးအဖောက် ခံနေရကြောင်း၊ ဒါကြောင့် အမေရိကန် ပြည်ထောင်စုနဲ့ နိုင်ငံတကာက အကူအညီပေးဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ တွေ့ဆုံတဲ့အထဲမှာ ပါဝင်သူ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP အထွေထွေ အတွင်းရေးမှူး ဦးလှစောက ပြောပြပါတယ်။ အဲဒီလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံခဲ့ကြတဲ့ အထဲမှာ ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီတွေ ဖြစ်ကြတဲ့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ကရင် ပြည်သူ့ပါတီ၊ ချင်း တိုးတက်ရေး ပါတီ၊ ရှမ်းကျားဖြူ ပါတီတို့နဲ့ အတူ ၁၉၉၀ ရွေးကောက်ပွဲဝင် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေလည်း ပါဝင်ခဲ့ကြပါတယ်။ တွေဆုံကြရာမှာ ပါဝင်ကြတဲ့ တိုင်းရင်းသား လူမှု အကူအညီပေးရေး အဖွဲ့အစည်းတွေ ကလည်း မိမိတို့ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒေသခံတွေ ဒုက္ခရောက်နေကြတဲ့ အကြောင်းကို အထောက်အထားတွေနဲ့ ရှင်းပြတယ်လို့ သိရပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ အတူ အာရှ ပစိဖိတ် ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbel နဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် Derek Mitchell တို့လည်း အဲဒီ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့ မေတ္တာရပ်ခံ
ပြည်တွင်းစစ်နဲ့ ဆင်းရဲမွဲတေမှု ပြဿနာ ကြုံတွေ့နေကြရတဲ့ တိုင်းရင်းသား ဒေသတွေကို လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကို တိုင်းရင်းသား ပါတီတွေက မနေ့က မေတ္တာရပ်ခံခဲ့ပါတယ်။
