၆ ပွင့်ဆိုင် တွေ့ဆုံပွဲအတွက် တိုင်းရင်းသားခေါင်းဆောင် လွှတ်တော်မှာ ရွေးချယ်မည်
2014.11.26

၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေကို ကိုယ်စားပြုတက်ရောက်မယ့် လွှတ်တော်ကိုယ်စား လှယ်တစ်ဦးရဲ့ အမည်ကို မနက်ဖြန်ကျင်းပမယ့် လွှတ်တော်မှာ တင်သွင်းဖို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ညွှန်ကြားလိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ သီးသန့်တွေ့ဆုံပြီး ညွှန်ကြားလိုက်တာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပြောပါတယ်။
"တိုင်းရင်းသား အဖွဲ့အစည်းကတော့ ရွေးချယ်ရမယ့် အပိုင်းရှိနေတယ်၊ စာရင်းပေးရမယ့်အပိုင်း ရှိနေတယ်၊ အဲဒီတော့ ဒီအဆိုမှာကတည်းက ပစ္စုပ္ပန်နဲ့ အနာဂါတ်အတွက် ဆောလျင်စွာ တိုင်ပင်ဖြေရှင်းရမယ်ဆိုတဲ့ ကဏ္ဍပါနေတယ်၊ အဲ့တော့ ဒီနေ့ဥက္ကဌကြီးပြောတာက ၁၂ ကြိမ်မြောက်မှာပဲ မနက်ဖြန် အစည်းအဝေးမှာ ကြေညာချင်တယ်ပေါ့၊ တိုင်းရင်းသားအစုအဖွဲ့က ဘယ်သူ့ကိုဖြင့် ကိုယ်စားလှယ်ပါဆိုပြီးတော့ လွှတ်တော်ထဲမှာ ကြေညာချင်တယ်၊ မနက်ဖြန် ၂၇ ရက်မှာ ကျနော်တို့ တိုင်းရင်းသား အဖွဲ့အစည်းကနေပြီးတော့ ရွေးပြီးတော့ စာရင်းပေးရမယ်"
တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေဟာ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ကိုယ်စားပြု တက်ရောက်မယ့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ဖို့အတွက် စည်ပင်ဧည့်ရိပ်သာမှာ ဒီနေ့ ညနေ ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်စနစ်နဲ့ ကိုက်ညီအောင် ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ နဲ့ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားပြု တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ၁ ဦးတို့ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းကြောင်းအဆိုကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။
တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးချယ်သင့်သလဲဆိုတဲ့ အမြင်တွေကို RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။