တိုင်းရင်းသားလက်နက်ကိုင်တပ်နဲ့ PDF တွေ ၁၄၄ မြို့နယ်ကို စိုးမိုးထားကြောင်း NUG ထုတ်ပြန်
2025.01.04

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ဟာ နိုင်ငံတစ်ဝန်းက မြို့နယ် ၁၄၄ မြို့နယ်ကို စိုးမိုးထိန်းချုပ်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၄ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအထိ မြို့နယ်ပေါင်း (၄၈) မြို့နယ်ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားပြီး နောက်ထပ် မြို့နယ်တွေမှာ အလုံးစုံမထိန်းချုပ်နိုင်သေးသည့်တိုင် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ရပ်ဆိုင်းပြီး ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေလုပ်နေတယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အပါအဝင် PDF တွေက ခါမ်းပါတ်၊ ရွှေပြည်အေး၊ မော်လူး၊ မြို့သစ်၊ စဉ့်ကူး၊ တကောင်း၊ သပိတ်ကျင်း၊ ပင်လည်ဘူး စတဲ့ မြို့ ရှစ်မြို့ကို သိမ်းပိုက်ထားတယ်လို့ NUG က ပြောပါတယ်။
စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီတိုင်းတွေက အနည်းဆုံး (၆၇) မြို့ကို ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မန္တလေး-ရွှေဘို-မြစ်ကြီးနား ကားလမ်းနဲ့ ရထားလမ်းပိုင်းအပါအဝင် အရေးကြီးတဲ့ ကားလမ်းနဲ့ ရထားလမ်းပိုင်း ကိုးခုကို တော်လှန်ရေး အင်အားစုတွေက စိုးမိုးထိန်းချုပ်ထားပြီး ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နဲ့ စစ်တောင်း မြစ်ကြောင်းလမ်းက အရေးကြီးတဲ့ အစိတ်အပိုင်းတွေကိုပါ ထိန်းချုပ်ထားပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အဓိက ရှေ့တန်းစစ်မျက်နှာတွေဖြစ်တဲ့ မန္တလေးမြို့နားကို ရောက်ရှိလာပြီး နေပြည်တော်၊ ရန်ကုန်၊ တောင်ငူနဲ့ မိတ္ထီလာ စတဲ့ စစ်နယ်မြေတွေကို ပုံမှန် တိုက်ခိုက်လာနိုင်တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါ့အပြင် မကွေးတိုင်း (တောင်ခြမ်း)၊ ပဲခူးတိုင်း (အနောက်ခြမ်း) နဲ့ ဧရာဝတီတိုင်းတွေမှာပါ ပြောက်ကျားစစ်နဲ့ လှုပ်ရှားစစ်တွေ ကျယ်ပြန့်လာနေတယ်လို့ ဆိုပါတယ်။
ဒီကာလအတွင်းမှာ သေဆုံးတဲ့ စစ်ကောင်စီတပ်သား၊ ရဲနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်သောင်းလေးထောင်ကျော် (၁၄,၀၉၃ ဦး) ရှိပြီး ဒဏ်ရာရသူ ခုနစ်ထောင်ကျော် (၇၃၆၃ ဦး) ရှိတာကြောင့် စစ်ကောင်စီအတွက် တပ်မအင်အား (၁၀ ခု) ကျော်နဲ့ ညီမျှတဲ့ အင်အားပြုန်းတီးမှုဖြစ်စေတယ်လို့ NUG က ပြောပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာမရှိသေးပါဘူး။