ဖက်ဒရယ် တပ်မတော်စနစ် လေးဝါးညီလာခံ မူကြမ်းမှာ ထည့်သွင်းရေးဆွဲ
2014.01.23

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အမည်နာမ သတ်မှတ်မှုမှာ "တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်" အဖွဲ့လို့ခေါ်ဆိုဖို့ ဆုံးဖြတ်လိုက်တဲ့အပြင် ဖက်ဒရယ်တပ်မတော်နဲ့ ပတ်သက်ပြီးတော့လည်း မူကြမ်းထဲမှာ အခန်းတစ်ခုအနေနဲ့ ထည့်သွင်းရေးဆွဲ ထားတယ်လို့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု ဗဟိုညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဦးနိုင်ဟံသာက RFA ကို ပြောပါတယ်။
ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ လေးဝါးမှာကျင်းပနေတဲ့ ဒီနေ့ ၄ ရက်မြောက်နေ့ ဆွေးနွေးပွဲအပြီးမှာ ဦးနိုင်ဟံသာက အခုလို ပြောပါတယ်။
“ကျနော်တို့က အချောမရိုက်ရသေးဘူးဗျ၊ ဒီပြင်ဆင်ချက်တွေကို ကျနော်တို့ အချောပြန်ရိုက်ပြီးတော့မှ တင်ပေးရဦးမယ်၊ ဒါကတော့ အားလုံးဆွေးနွေးပြီးသွားပြီဗျ၊ သဘောကတော့ တော်လှန်ရေးစာလုံးကိုတော့ ကျနော်တို့က ပြန်ထည့်ရတယ်၊ အဲဒီပြည်ထောင်စု တပ်မတော်ကိစ္စကိုတော့ ကျနော်တို့ အခံတစ်ခုအနေနဲ့ ထည့်ထားတာပေါ့ဗျာ၊ ဒါပေမယ့် ဒါကိုတော့ နိုင်ငံရေးဆွေးနွေးတဲ့ အခါကျရင်တော့ ပါဝင်ဖို့ဆိုပြီးတော့မှ အဲလောက်ပဲထည့်ထားတာပါ”
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ တက်ရောက်နေတဲ့ ဒီညီလာခံဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့အတွက် မူကြမ်းတစ်ခု ရအောင် ဆွေးနွေးနေတာပါ။
ဒီကနေ့ ဆွေးနွေးမှုမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု ဗဟိုညှိနှိုင်းရေးအဖွဲ့ NCCT က ရေးဆွဲထားတဲ့ အခန်း ၁၁ ခန်းပါ အပစ်ခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းကို အပြီးသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲကို မနက်ဖြန် ဆက်လက်ကျင်းပမှာဖြစ်ပြီး အပစ်ခတ်ရပ်စဲမှုဆိုင်ရာ မူကြမ်းကို အတည်ပြုမှာ ဖြစ်ပါတယ်။
အဲဒီညီလာခံမှာ လေ့လာသူအဖြစ် တက်ရောက်နေတဲ့ ကျောင်းသားတပ်မတော် ABSDF ဒုတိယ ဥက္ကဌ ကိုမျိုးဝင်းရဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံအပေါ်အမြင်ကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင် တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။