တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ KNU ထိန်းချုပ် နယ်မြေမှာ ဆုံတွေ့မည်


2013.12.09
laiza-conference-620.jpg ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၃ဝ ရက်နေ့က စတင်ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ညီလာခံကို မြင်ရစဉ်
photo: RFA/ Sai Htun Aung lwin

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံး လာမယ့် ဒီဇင်ဘာလ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့ အထိ ကေအဲန်ယူထိန်းချုပ်ရာ နယ်မြေဖြစ်တဲ့ ဖါးအံခရိုင် လေးဝါး ခေါ် လော်ခီးလာနယ်မြေမှာ စုဝေးပြီး အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက် ၁၁ ချက် အပေါ် ဆွေးနွေးကြမယ်လို့ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးက ဒီနေ့ ပြောကြားလိုက်ပါတယ်။

ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဘုံသဘော တူညီချက် ၁၁ ချက်ကို အခုကျင်းပမယ့်ညီလာခံမှာ အစိုးရကိုယ်စားလှယ်တွေမပါဝင်ပဲ တိုင်းရင်းသားခေါင်းဆောင်တွေချည်း ဆွေးနွေးကြ မှာ ဖြစ်ပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ နိုင်ငံရေးဆွေးနွေးပွဲအတွက် ချမှတ်သင့်တဲ့ မူဘောင်တွေနဲ့ ပတ်သက်ပြီးလည်း အကြံပြုချက်တွေစုစည်းသွားမယ်လို့ ဆွေးနွေးပွဲကို တာဝန်ယူကျင်းပမယ့် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးက တွဲဖက်အတွင်းရေးမှူး ပဒို မန်းမန်းက ပြောပါတယ်။

"ပထမညီလာခံရဲ့ အဆုံးအဖြတ်အတိုင်းပဲ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့မှ အခြေခံမူ ဆုံးဖြတ်ချက် ၁၁ ချက်ကို အပိုဒ်အလိုက် ပြန်ပြီးတော့ခွဲပြီးတော့ ကျနော်တို့တိုင်းရင်းသားတွေ ရေးဆွဲထား တဲ့မူကြမ်းကို ကျနော်တို့ အတည်ပြုမှာဖြစ်ပါတယ်၊ ပြီးတော့မှ နိုင်ငံရေးမူဘောင်ကိုလည်း အကြံပြုချက် ရယူမယ်၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူပြီးတော့ရှိရင် အစိုးရနဲ့ ထပ်ပြီးတော့ တွေ့ဆုံဆွေးနွေးမယ်"

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က အချက် ၁၁ ချက်ပါ စာချုပ်မူကြမ်းကို နိုဝင်ဘာလဆန်းပိုင်းက လိုင်ဇာမြို့မှာ လေးရက်ကြာဆွေးနွေးပြီး ချမှတ်ခဲ့တာပါ။

အဲဒီ ဘုံသဘောတူညီချက်တွေထဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ဆိုရင် နိုင်ငံရေးဆွေးနွေးဖို့အတွက် အာမခံချက်ရှိဖို့ ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ၂ လ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ ဆက်လက်ကျင်းပရေး အာမခံချက်ရှိဖို့ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။

KNU တွဲဘက် အထွေထွေအတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းကို RFA ဝိုင်းတော်သူ ဒေါ်သင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။