တစ်နိုင်ငံလုံး အပစ်ရပ်မူကြမ်း မနက်ဖြန် အပြီးသတ်နိုင်မယ်လို့ ဗိုလ်ချုပ်ဂွမ်မော် ပြောကြား


2014.01.22
ethnic-armed-laywah-thirthday-305.jpg KNU ထိန်းချုပ်နယ်မြေ လော်ခီးလာ ခေါ် လေးဝါးဒေသမှ ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲ တတိယနေ့ကို တွေ့ရစဉ်
photo: RFA/ Sai Htun Aung Lwin

KNU ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေ လော်ခီးလာ ခေါ် လေးဝါးမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့  ညီလာခံကနေ အဖွဲ့အားလုံး လက်ခံနိုင်မယ့်မူကြမ်းကို မနက်ဖြန်မှာ အားလုံးသဘောတူနိုင်မယ်လို့  ယုံကြည်ကြောင်း ကေအိုင်အို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က RFA ကို ဒီကနေ့ ပြောပါတယ်။

အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ကျင်းပနိုင်ဖို့အတွက် တိုင်းရင်းသား အဖွဲ့တွေဘက်က မူကြမ်းတစ်ခုတင်ပြနိုင်ဖို့  လေးဝါး မှာ ဆွေးနွေးနေကြတာပါ။ ဆွေးနွေးနေတဲ့ အသေးစိတ် အချက်တွေကို ထုတ်ဖော်ပြောဆိုတာမရှိပေမယ့် အားလုံးလက်ခံတဲ့ မူကြမ်းတစ်ခုရမယ်လို့ ဗိုလ်ချုပ် ဂွမ်မော်က အခုလို ပြောပါတယ်။

“မနေ့က ခေါင်းစဉ်တစ်ခုချင်းစီ လိုက်ပြီးဆွေးနွေးနေတာ ဖြစ်ပါတယ်၊ ဒီနေ့ကျတော့ ဆွေးနွေးတဲ့ပုံစံ ကို ကျနော်တို့က ပြောင်းလိုက်တယ်၊ အဖွဲ့တိုင်းက ဒီမူကြမ်တစ်စောင်လုံးအပေါ်မှာ ဆွေးနွေးတဲ့ သဘောဖြစ်ပါတယ်၊ တချို့ ကွန်ဖရန့်ရဲ့ ဆုံးဖြတ်ချက်ကလည်း အခုအခါ ဆွေးနွေးနေတုန်းဖြစ်ပါတယ်၊ အပစ်အခတ်ဆွေးနွေးဖို့ မဟုတ်သေးဘူး၊ ကျနော်တို့ မနက်ဖြန် ညနေလောက်ကစပြီး ဒီကွန်ဖရန့်ရဲ့ အဓိကဆုံးဖြတ်ချက်တွေ ကျလာမှာဖြစ်ပါတယ်”

မနေ့က ဆွေးနွေးပွဲ ဒုတိယမြောက်နေ့မှာ မူကြမ်းမှာ တော်လှန်ရေးဆိုတဲ့ အသုံးအနှုန်းကို ထည့်သွင်းရေးဆွဲဖို့ တက်ရောက်လာတဲ့ တိုင်းရင်းသားအဖွဲ့အားလုံးက သဘောထားပေးခဲ့ကြပေမယ့် ပြေလည်မှုမရသေးပဲ ဆွေးနွေးနေဆဲဖြစ်တယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။

တတိယမြောက်နေ့ ဆွေးနွေးပွဲအကြောင်း လေးဝါးမှာ ရောက်နေတဲ့ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင် သတင်းပေးပို့ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။