တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ ဘားအံညီလာခံ ရက်ရွှေ့ဆိုင်း
ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချူပ်နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ် ဘားအံခရိုင်က လေးဝါး ခေါ် လော်ခီးလာနယ်မြေမှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ ရဲ့ ဒုတိယအကြိမ် ညီလာခံကို မူလအစီအစဉ်အရ အခုလ ဒီဇင်ဘာလထဲမှာ ကျင်းပဖို့သတ်မှတ်ထားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လာမယ့်နှစ်ဆန်းပိုင်းမှပဲ ကျင်းပဖို့ ဒီကနေ့ ညီလာခံဖြစ်မြောက်ရေးအဖွဲ့က စည်းဝေးဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
-
2013-12-11 -
-
-
ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချူပ်နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ် ဘားအံခရိုင် က လေးဝါး ခေါ် လော်ခီးလာနယ်မြေမှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ဒုတိယအကြိမ် ညီလာခံကို မူလအစီအစဉ်အရ အခုလဒီဇင်ဘာလထဲမှာ ကျင်းပဖို့သတ်မှတ်ထား ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လာမယ့်နှစ်ဆန်း ပိုင်းမှပဲကျင်းပဖို့ ဒီကနေ့ ညီလာခံဖြစ်မြောက်ရေးအဖွဲ့က စည်းဝေးဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ညီလာခံဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးလည်းဖြစ် ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့က တွဲဖက်အတွင်းရေးမှူးလည်းဖြစ်တဲ့ ပဒို မန်းမန်းက အခုလို အတည်ပြု ပြောဆိုပါတယ်။
“ကျနော်တို့ ဒီဖြစ်မြောက်ရေးကော်မတီ ဒီနေ့ မနက်ပိုင်းမှာ ထိုင်ကြပါတယ်။ ကျနော်တို့အပြင် KNU ခေါင်းဆောင်တွေရော နောက်ကျနော်တို့တွေရော ဖြစ်မြောက်ရေးကော်မတီတွေရော တခြားဆက်စပ်တဲ့ တိုင်းရင်းသားအဖွဲ့တွေကိုပါ ဆက်သွယ်ဆောင်ရွက်ပြီးတော့မှ ကျနော်တို့ ဖြစ်မြောက်ရေးကော်မတီက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဇန်နဝါရီလလောက်မှာတော့ ကျနော်တို့ ရာထားတယ်၊ လလယ်ပိုင်းလောက် ဖြစ်နိုင်ခြေရှိပါတယ်၊ အဲ့ဒါပြီးမှသာလျင် ကျနော်တို့ ဘားအံဘက်မှာပြန်ဆုံမယ့် အစိုးရနဲ့ တွေ့ဆုံဖို့ကိစ္စကတော့ ကျနော်တို့ ပြန်ပြီးတော့မှ ညှိနှိုင်းဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်ပါတယ်”
တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေအနေနဲ့ အခုလ ဒီဇင်ဘာ ၁၈ ရက်ကနေ ၂၀ ရက် နေ့အထိ KNU ထိန်းချူပ်နယ်မြေမှာ KIO ဌာနချူပ် လိုင်ဇာမြို့မှာကျင်းပခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက် ၁၁ ချက်ကို ထပ်မံဆွေးနွေးအတည်ပြုဖို့ ဒီဇင်ဘာ ၉ ရက်နေ့က ရက်သတ်မှတ် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပေမယ့် အခုလို ညီလာခံကျင်းပဖို့ ရက်ပြောင်းလိုက်ရတာနဲ့ပတ်သက်ပြီး ပဒို မန်းမန်းက အခုလို ဆက်ပြောပါတယ်။
“ဆက်သွယ်ဆောင်ရွက်မှုနဲ့ ပြင်ဆင်ဆောင်ရွက်မှု အချိန်လေးနည်းနည်း ထပ်ပြီးတော့ရအောင်ဆိုပြီးတော့မှ ကျနော်တို့ရက်ကို နည်းနည်းရွှေ့လိုက်တာဖြစ်တယ်။ ကျနော်တို့ ဒီဖြစ်မြောက်ရေးကော်မတီကနေပြီးတော့မှ အချိန်လေးပေါ့ ပြင်ဆင်ဆောင်ရွက်ဖို့ရော နောက်ဆက်သွယ်ဆောင်ရွက်ဖို့ပါ အချိန်နည်းနည်းထပ်တိုးလိုက်တာ၊ ဒါမှသာလျှင် ပိုမိုပြီးတော့မှ ထိထိရောက်ရောက် ပီပီပြင်ပြင်ဖြစ်မယ်ပေါ့၊ အဲ့ဒါကြောင်မို့ သူက အချိန်လေးနည်းနည်းလေးပဲ ထပ်တိုးလိုက်တာပါ”
တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေဘက်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အချက် ၁၁ ချက်ပါ မူကြမ်းကို ပြီးခဲ့တဲ့နိုဝင်ဘာလဆန်းက KIO ဌာနချူပ် လိုင်ဇာမြို့မှာ ၄ ရက်ကြာ ဆွေးနွေးချမှတ်ခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ကို ဖွဲ့စည်းခဲ့ပါတယ်။
အဲ့ဒီနောက် NCCT ခေါင်းဆောင်တွေဟာ နိုဝင်ဘာ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သုံးရက်ကြာ ဘုံသဘောတူညီချက် ၁၁ ချက်ကို အကျယ်တဝင့် အဓိပ္ဗါယ်ဖွင့်ဆို တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အခု KNU ထိန်းချူပ်နယ်မြေမှာ ကျင်းပမယ့် ဒုတိယအကြိမ် ညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေအားလုံးထံက သဘောတူညီချက်ရယူမှာ ဖြစ်ပါတယ်။