ဂျပန်စွမ်းအင်ကုမ္ပဏီ ENEOS မြန်မာနိုင်ငံက ထွက်ခွာမည်

2022.05.02
ဂျပန်စွမ်းအင်ကုမ္ပဏီ ENEOS မြန်မာနိုင်ငံက ထွက်ခွာမည် ENEOS အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဥ်
Photo: motorexpo.co.th

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကို ဆက်လုပ်မှာမဟုတ်တော့ဘူးလို့ ဂျပန်နိုင်ငံက စွမ်းအင် လုပ်ငန်းစုတစ်ခုဖြစ်တဲ့ ENEOS က ဒီကနေ့ပဲပြောတဲ့အကြောင်း ဂျပန်နိုင်ငံထုတ် Minichi သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ဂျပန်ကုမ္ပဏီနဲ့ အတူ ရဲတံခွန်စီမံကိန်းမှာ လုပ်ကိုင်နေကြတဲ့ မလေးရှားနိုင်ငံက Petronas နဲ့ ထိုင်းနိုင်ငံက လုပ်ငန်းစုဖြစ်တဲ့ PTTEP တို့လုပ်ငန်းတွေ နုတ်ထွက်ခဲ့ကြအပြီး ဒီကနေ့ တနင်္လာနေ့မှာ ဂျပန်ကုမ္ပဏီပါ နုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။

ဂျပန် ENEOS လုပ်ငန်းအစုအဖွဲ့မှာ ပါဝင်တဲ့ JX Nippon ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေးဟာ မြန်မာနိုင်ငံတောင်ပိုင်း ရဲတံခွန်စီမံကိန်းမှာ ဂျပန်အစိုးရနဲ့ မီဆူဘီရှီ ကော်ပိုရေးရှင်းတို့နဲ့အတူ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပါတယ်။ ဒီကုမ္ပဏီဟာ လုပ်ငန်းရဲ့ ၁၉ .၃ % ပိုင်ဆိုင်ပြီး လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်ကတည်းက လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ရဲတံခွန်စီမံကိန်းမှာ မလေးရှား Petronas လက်အောက်ခံ ကုမ္ပဏီခွဲက ၄၁ % ပိုင်ဆိုင်ပြီး ထိုင်းနိုင်ငံက PTTEP ကလည်း ၁၉ .၃ % ပိုင်ဆိုင်တာ ဖြစ်ပါတယ်။

AFP သတင်းမှာ ဖော်ပြထားတာကတော့ ENEOS ကုမ္ပဏီရဲ့ ဒီနေ့ထုတ်ပြန်တဲ့ ကြေညာ ချက်မှာ မြန်မာနိုင်ငံက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအပါအဝင် ရဲတံခွန်စီမံကိန်း အတွက် စီးပွားရေးအပေါ် အခြေခံ သုံးသပ်ချက်တွေအရ ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံက ထွက်ခွာဖို့ ဆုံးဖြတ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့ မြန်မာနိုင်ငံက လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး ဂျပန် စီးပွားရေး စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနကို AFP က မေးမြန်းခဲ့ပေမယ့် ချက်ချင်း တုံ့ပြန်ချက် မပေးသေးပါဘူး။

ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းချိန်က စီးပွားရေးစီမံကိန်းအသစ် တိုးချဲ့ဖို့ အစီအစဉ်တွေ ဆိုင်းငံ့ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဂျပန်နိုင်ငံဟာ မြန်မာ နိုင်ငံက စစ်အစိုးရ အဆက်ဆက်နဲ့လည်း အဆင်ပြေပြီး မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်း တွေကို အထောက်အပံ့ အကူအညီတွေ အမြဲပေးနေတဲ့နိုင်ငံ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။