အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေး ဆွေးနွေး


2013.11.22
employer-employee-discussion-305.jpg ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံ အလုပ်သမားနှင့် အလုပ်ရှင်ကိုယ်စားလှယ်များ တွေ့ဆုံပြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေး ဆွေးနွေးပွဲ တစ်ရပ်ကို မြောက်ဒဂုံမြို့နယ်၊ ပင်လုံခန်းမမှာ နိုဝင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့စဉ်
photo: RFA/ Thiha Tun

အနည်းဆုံး လုပ်ခလစာကြေးငွေ သတ်မှတ်နိုင်ရေးအတွက် အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အထည်ချုပ်စက်ရုံတွေက အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ အလုပ်ရှင် ကိုယ်စားလှယ်တွေ ဒီနေ့ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ပင်လုံခန်းမမှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ အနည်းဆုံးလုပ်အားခ ကြေးငွေ သတ်မှတ်ရာမှာ တွေ့ကြုံလာရနိုင်တဲ့ ပြဿနာတွေ ကို ဖြေရှင်းဆောင်ရွက်ရေး နည်းလမ်းတွေ၊ အနည်းဆုံးလုပ်အားခကြေးငွေ သတ်မှတ်သင့် တဲ့ နှုန်းထားတွေနဲ့ အဲဒီလိုသတ်မှတ်ရာမှာ အလုပ်သမားနဲ့ အလုပ်ရှင်တွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးအပြစ်တွေစတဲ့ ခေါင်းစဉ်လေးခုကို အုပ်စုလိုက်ဆွေးနွေးကြပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားရေးမှုးချုပ် ဦးမျိုးအောင်က အလုပ်ရှင်နဲ့ အလုပ်သမားအကြား မျှတတဲ့အဖြေရရှိရေး အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတစ်ခု ဖြစ်ကြောင်း အခုလိုပြောပါတယ်။

“ခေါင်းစဉ်တစ်ခုတိုင်းမှာ အလုပ်ရှင်ရော အလုပ်သမားရောပါတယ်၊ ခေါင်းစဉ်တစ်ခုမှာ အလုပ်ရှင်က အဲဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး သတ်သတ်ဆွေးနွေးမယ်၊ အလုပ်သမားက သတ်သတ်ဆွေးနွေးမယ်၊ ပြီးရင် presentation တွေ တင်မှာပေါ့နော်၊ ဆွေးနွေးချက်တွေတင်မယ်၊ တင်တဲ့အပေါ်မှာ အလုပ်ရှင်ရဲ့ ဆွေးနွေးချက်ကို အလုပ်သမားက မေးခွန်းမေးပေါ့နော်၊ အလုပ်သမားရဲ့ ဆွေးနွေးချက်မှာလည်း အလုပ်ရှင်က မေးခွန်းမေးပေါ့နော်၊ အပြန်အလှန်မေးမယ်၊ ဒီနေ့က အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုပါ”

အနည်းဆုံးလုပ်ခလစာ သတ်မှတ်ချက်နဲ့ ပတ်သက်လို့ ဥပဒေထွက်ရှိပြီးဖြစ်ပေမဲ့ တိကျတဲ့နည်းဥပဒေ ပေါ်ထွက်လာဖို့ ဆောင်ရွက်တဲ့အနေနဲ့ ခုလိုဆွေးနွေးပွဲကို ကျင်းပတာဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်သမားနဲ့ အလုပ်ရှင်အကြား မကြာခဏ အငြင်းပွားမှုနဲ့ ဆန္ဒပြတောင်းဆိုမူတွေ အများဆုံးဖြစ်ပေါ်တဲ့နေရာမှာလည်း လုပ်ခလစာပြဿနာဟာ အဓိကကျကြောင်း ဆွေးနွေးကြပါတယ်။

အနည်းဆုံးလစာငွေ သတ်မှတ်နိုင်ရေးအတွက် နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်  ILO အပါအဝင် MDRI လို့ခေါ်တဲ့ မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်းကလည်း အလုပ်သမားတွေရဲ့ နေထိုင်စားသောက်မှု ကုန်ကျစရိတ်ကို ပူးပေါင်းသုတေသနပြုနေပါတယ်။

အထည်ချုပ်စက်ရုံတွေက လုပ်သားတွေရဲ့ လုပ်ခလစာဟာ အချိန်ပိုကြေးအပါဝင် တစ်လကို ပျှမ်းမျှလစာငွေ ကျပ် ၆၀၀၀၀ ကျော်လောက်သာ ရရှိနေတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် ကိုသီဟထွန်း သတင်းပေးပို့ထားပါတယ်။

အလုပ်သမား လုပ်ခလစာတိုးမြှင့်ရေး တောင်းဆိုဆန္ဒပြပွဲတွေ အပါအဝင်၊ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရေး ဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်လို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။