အစာအငတ်ခံ ဆန္ဒပြသူ ၃ ဦး ကျန်းမာရေး ချို့တဲ့လာကြ
2013.12.15
ပေါင်းတည်အကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေကြတဲ့ မိတ္ထီလာ ပြည်သူ့အကျိူးဆောင်ကွန်ရက်က ကိုသန့်ဇင်ထက်ဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနေတာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
သူနဲ့အတူ အစာအငတ်ခံဆန္ဒပြနေကြတဲ့ ဒေါ်မြင့်မြင့်အေးနဲ့ ဒေါ်ခင်မိမိခိုင်တို့ နှစ်ဦးလဲ ကျန်းမာရေးဆိုးရွားနေပေမယ့် ဆေးကုသမှုခံယူဖို့ ငြင်းဆန်နေကြတယ်လို့ ဒေါ်ခင်မိမိခိုင်ရဲ့အမ ဒေါ်အေးမှီက ပြောပါတယ်။
“အဲဒီမှာ ကိုသန့်ဇင်ထက်က ဆေးသွင်းနေရတယ်လို့ ပြောပါတယ်၊ မခိုင်တို့လည်း သွင်းဖို့လိုတယ်၊ အဲဒါကို သူတို့က ငြင်းဆန်နေတုန်းပါပဲ၊ သူတို့သုံးယောက်စလုံးက ကျန်းမာရေးမကောင်းဘူး၊ ဒေါ်မြင့်မြင့်အေး ကတော့ လေဖြတ်ထားတာ နှစ်ကြိမ်ရှိသွားပြီ၊ သန့်ဇင်ထက်ကလည်း အဆုတ်ရောဂါရှိတယ်၊ ရုံးချိန်းထွက် တိုင်းလည်း အဲ့ကလေးက တုန်တုန်ယင်ယင်နဲ့ ရုန်းချိန်းထွက်ရတယ်”
ဒါ့အပြင် သောကြာနေ့က ကိုသန့်ဇင်ထက်ရဲ့ အဘွားဖြစ်သူက ထောင်ဝင်စာသွားတွေ့တာကိုလည်း ထောင်အာဏာပိုင်တွေက ကိုသန့်ဇင်ထက် နဲ့ တွေ့ခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။
ပေါင်းတည်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မိတ္ထီလာ ပြည်သူ့အကျိူးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေး အပါအဝင် ဒေါ်ခင်မိမိခိုင်နဲ့ ကိုသန့်ဇင်ထက်တို့ဟာ သူတို့ကိုဖမ်းဆီးတာ ၆ လ ကျော်ကြာမြင့်လာပြီ ဖြစ်ပေမယ့် ဘာမှအမိန့်ချမှတ်ခြင်းမရှိသေးဘဲ အမှုကြန့်ကြာနေတဲ့အတွက် ပြီးခဲ့တဲ့သောကြာနေ့ကစပြီး ထောင်တွင်းမှာ အစာငတ်ခံ ဆန္ဒပြနေကြတာဖြစ်ပါတယ်။
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တစ်ဝိုက်က အသိမ်းခံထားရတဲ့ လယ်မြေကိစ္စအတွက် လယ်သမားတွေကိုကူညီခဲ့သူ သူတို့ ၃ ဦးကို ပြီးခဲ့တဲ့ ဇွန်လထဲမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်၊ ဒါပေမဲ့ အဲဒီပြည်သူ့အကျိူးဆောင် ကွန်ရက်အဖွဲ့ဟာ တရားဝင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် သင်းပင်းဥပဒေ ပုဒ်မ ၆ နဲ့ နတ်တလင်းရဲစခန်းက သူတို့ကို စွဲချက်တင်အရေးယူထားတာဖြစ်ပါတယ်။