ရွှေဝါရောင်လှုပ်ရှားမှုနဲ့ အာဏာသိမ်းမှု အထိမ်းအမှတ် သံရုံးရှေ့ဆန္ဒပြ
2011.09.18
နယူးယောက်မြို့မှာ သီတင်းသုံး နေထိုင်တဲ့ သံဃာတော်တွေနဲ့ မြန်မာနိုင်ငံသား မိသားစု ၈ဝ လောက် စုပေါင်း ဆန္ဒပြခဲ့ကြတာပါ။ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေကို မဖြစ်မနေ ပြန်လွှတ်ပေးဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း အပြောတင်မဟုတ်ဘဲ လက်တွေ့ အကောင်အထည်ဖော်ဖို့ သမ္မတဦးသိန်းစိန် အစိုးရထံ တောင်းဆိုခဲ့ကြတယ်လို့ နယူးယောက်မြို့က ဆရာတော် ဦးပညာဇောတ က ပြောပါတယ်။
မနေ့က ဆန္ဒပြသူတွေဟာ မြန်မာအစိုးရ သံရုံးတင် မဟုတ်ဘဲ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ် သံရုံးရှေ့မှာလည်း ဆန္ဒပြခဲ့ကြပါတယ်။ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြရခြင်း ရည်ရွယ်ချက်ကို ဆရာတော် ဦးပညာဇောတက ပြောပြပါတယ်။
“ဧရာဝတီ မြစ်ဆုံမှာ ဆည်ကြီးတည်ဆောက်တာဟာ အစိုးရနဲ့ တရုတ်အစိုးရသာလျှင် အကျိုးအမြတ်တွေ ခံစားရတာ ဖြစ်တယ်။ မြန်မာပြည်သူပြည်သားတွေအတွက် အကျိုး တစုံတရာမှ မရှိဘူး။ ဒါကြောင့် တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီက ဆန့်ကျင်ကန့်ကွက်တယ် ဆိုတဲ့အနေနဲ့ ဒီဆည်ကြီးကို မဆောက်ဖို့ ဆန္ဒပြပါတယ်”
စက်တင်ဘာလ ၁၈ ရက်နေ့ဟာ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ကျရောက်တဲ့ နှစ်ပတ်လည် အချိန်အခါ ဖြစ်တဲ့အပြင် လွန်ခဲ့တဲ့ ၂၃ နှစ်က ဒီမိုကရေစီ တောင်းဆိုဆန္ဒပြသူတွေကို မြန်မာစစ်တပ်က ပစ်ခတ်နှိမ်နင်းပြီး အာဏာသိမ်းယူခဲ့တဲ့ နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။