ကနီမြို့နယ် မုဌောရွာသား တစ်ဦး အသတ်ခံရ၊ အိမ် ၁၁ လုံး မီးလောင်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက မုဌောရွာကို ဇန်နဝါရီ ၂၂ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် တွေ ရောက်လာပြီး ရွာသားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရကာ အိမ် ၁၁ လုံးလည်း မီးရှို့ခံ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်သားအင်အား ၂၀၀ ကျော်ပါဝင်တဲ့ အမြန်ရေယာဉ်ရှစ်စီးနဲ့ မုံရွာကနေ ချင်းတွင်းမြစ်ရိုး တလျှောက် ဆန်တက်လာပြီး မုဌောရွာကို ဝင်လာတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့ရွာထဲ ဝင်လာထဲက ဟိုပစ်ဒီပစ်နဲ့ ပစ်လာကြတာ၊ အဲဒီအချိန် တိုက်ပွဲဖြစ်မနေဘူး၊ ပစ်သတ်ခံလိုက်ရတဲ့ ကောင်လေးက ဝက်ရူးပြန်ရောဂါသည်လေးပါ၊ ပြေးဟယ်၊ လွှားဟယ်ဆိုတော့ သူ့ကိုလည်း ခေါ်မသွားကြဘူးထင်တယ်၊ ခေါင်းကို အနောက်ကနေ ပစ်သတ်လိုက်တာ အရှေ့မှာ ကျဉ်ပေါက်ရာရှိတယ်။ ကျနော်တို့လည်း ပြေးကြတာ ဘာမှကို မယူလိုက်နိုင်ဘူး၊ မနက်ရှစ်နာရီကျော်က ရွာထဲဝင်လာတယ်၊ ကိုးနာရီမှာ ရွာထဲအိမ်တွေကို မီးရှို့တာပဲ"
စစ်သားတွေဟာ မုဌောအရှေ့ကုန်းရွာထဲ သုံးရက်ကြာ တပ်စွဲနေခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်မှာ အမြန်ရေယာဉ်တွေနဲ့ ပြန်ထွက်သွားကြတာပါ။
အိမ်တွေမီးရှို့ခံရတဲ့အပြင် အခြားအိမ်တွေကိုလည်း ဖျက်ဆီးတာတွေနဲ့ အိမ်ထဲက အဖိုးတန် ပစ္စည်း တချို့ကို ယူသွားကြတယ်လို့လည်း ပြောပါတယ်။
ဒေသခံတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်လို့ စွပ်စွဲထားတာမို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစား နေပါတယ်။
မုဌောရွာဟာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး ဒေသခံ တစ်ထောင်ကျော် နေထိုင်တဲ့အပြင်၊ လက်ရှိ အခြေအနေအရ စစ်ကောင်စီတပ်တွေ ရွာကိုပြန်လာမှာစိုးရိမ်လို့ ဒေသခံတွေလည်း ကိုယ့် အိမ်မပြန်ရဲဘဲ ဘေးလွတ်ရာမှာ ပုန်းနေကြရတယ်လို့ ပြောပါတယ်။