လျှပ်စစ်မီတာခကြီးမြင့်မှု ကန်ဘောက်ဒေသခံ ၃၀၀ ကျော် ဆန္ဒပြ
2015.02.04

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကန်ပေါက်ဒေသမှာ မီတာခ တစ်ယူနစ်ကို ၃၅ ကျပ် သတ်မှတ်ပေးဖို့ ဒေသခံ ၃၀၀ ကျော်က ကန်ပေါက်ကျေးရွာမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
ကန်ပေါက်ဒေသမှာ လက်ရှိ မီတာခ တစ်ယူနစ် ကို ငွေကျပ် ၇၀၀ ကနေ ၁၆၀၀ ကျော် အထိပေးပြီး သုံးစွဲနေရကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ ကန်ပေါက်ကျေး ရွာသား ကိုခင်စိုးက ပြောပါတယ်။
"အဓိက ကတော့ သဘာဝဓာတ်ငွေ့ကရတဲ့ လျှပ်စစ် ဓာတ်အားနဲ့ တစ်ယူနစ် ၃၅ ကျပ်ရဖို့အရေးပဲတောင်း ကြတာ၊ ဒေသခံတွေက အခုလောလောဆယ် ကတော့ ပုဂ္ဂလိက မီးစက်လေးတွေနဲ့ တစ်ယူနစ် ၇၀၀၊ တချို့ရွာတွေမှာဆိုရင် တစ်ယူနစ် ၁၆၀၀ လောက်ရှိတယ်၊ တချို့ရွာတွေဆိုရင် တစ်ယူနစ် ၁၆၀၀ ပေးရတယ်"
ဆန္ဒပြပွဲမှာ ကန်ပေါက်၊ ဇာတီ၊ ဖောင်းတော၊ အုန်းပင်ကွင်း၊ ဖားချောင်း၊ အိန္ဒြာရာဇာ စတဲ့ ကျေးရွာအုပ်စု ၆ ခုက ဒေသ ခံတွေ ပါဝင်ကြပါတယ်။
တနင်္သာရီတိုင်းမှာ အစိုးရက လျှပ်စစ်မီးဖြန့်ဝေပေးတာမဟုတ်ဘဲ ပုဂ္ဂလိကလုပ်ငန်းရှင် တွေက မီးစက်တွေနဲ့ ဖြန့်ဝေနေ တာဖြစ်ပါတယ်။