လျှပ်စစ် တစ်ယူနစ် ၁ဝဝ ကျပ် ၅ နှစ်အတွင်း ဖြစ်အောင်လုပ်မည်

0:00 / 0:00

တနင်္သာရီတိုင်းဒေသကြီးမှာ လက်ရှိအစိုးရသက်တမ်း ၅ နှစ်အတွင်း လျှပ်စစ်တစ်ယူနစ်ကို ကျပ် ၁ဝဝ အောက်ရောက်အောင် ကြိုးစားသွားမယ်လို့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောပါတယ်။

မေလ ၁၄ ရက်နေ့ညက RFA က တွေ့ဆုံမေးမြန်းရာမှာ ဒေါက်တာလဲ့လဲ့မော်က တိုင်းအတွင်းက ထွက်တဲ့ သဘာဝဓါတ်ငွေ့ကို ခွဲတမ်းအပြင် ဝယ်ယူအသုံးပြုပြီး အမေရိကန်က ကုမ္ပဏီတွေရဲ့ နည်းပညာ အကူအညီနဲ့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

"အကျဉ်းချုပ်လိုက်ရမယ်ဆိုရင်တော့ သူတို့ဂက်စ်ရဲ့ဘယ်လောက်ရမလဲ၊ ကျမတို့က ဘယ်လောက်ရမလဲ၊ တနင်္သာရီတိုင်းဒေသ ဖွံ့ဖြိုးမှုအတွက် နောက်ပြီး ဂက်စ်ရဲ့ဘယ်လောက်သန့်စင်မှုရှိမလဲဆိုတာလည်း မူတည်ပါတယ်"

အမေရိကန်ခရီးစဉ်အတွင်းမှာ ကုမ္ပဏီတွေနဲ့ တနင်္သာရီတိုင်း မီးလင်းရေးနဲ့ ဈေးနှုန်းသက်သာရေး အတွက် ဆွေးနွေးခဲ့တဲ့အကြောင်းကို ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောပြပါတယ်။ ဒါပေမယ့် သူ့အစီအစဉ်အရ ထားဝယ် ၄ မြို့နယ်မှာ အရင်အကောင်အထည်ဖေါ်မှာ ဖြစ်ပြီး ကျန်မြို့နယ်တွေမှာတော့ ၅ နှစ်အတွင်း တဖြည်းဖြည်းလုပ်ဆောင်မှာ ဖြစ်ပါတယ်။

လက်ရှိ ထားဝယ်၊ မြိတ်၊ ကော့သောင်းစတဲ့ မြို့ကြီးတွေနဲ့ မြို့နယ်တွေအားလုံးဟာ အစိုးရပေးတဲ့ လျပ်စစ်မရပါဘူး။ မြို့အားလုံးဟာာ ပုဂ္ဂလိက ကုမ္ပဏီတွေကပေးတဲ့ လျပ်စစ်မီးကို တယူနစ်ကို ကျပ် ၃ဝဝ နှုန်းနဲ့ သုံးစွဲရတာဖြစ် ပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က သူ့သက်တမ်းအတွင်း တနင်္သာရီတိုင်းမှာ ကျောက်မီးသွေး ဓါတ်အားထုတ်လုပ်တဲ့စက်ရုံတွေ မရှိစေရဘူးလို့ ပြောပါတယ်။ တနင်္သာရီတိုင်းမှာ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်ဖို့ လျာထားတာ စီမံကိန်း ၇ ခုရှိနေပါတယ်။

အဲ့ဒီအထဲက လောင်းလံုံးမြို့နယ် သကျက်တောကျေးရွာအနီးမှာ တည်ဆောက်မယ့် ကျောက်မီးသွေးစက်ရုံဟာ အရင်အစိုးရလက်ထက်က နားလည်မှုစာချွှန်လွှာ ထိုးထားပြီး ဒေသခံတွေက ကျောက်မီးသွေးစက်ရုံကို မလိုဘူးလို့ နှစ်ကြိမ် ကန့်ကွက်ဆန္ဒပြထားပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် တွေ့ဆုံမေးမြန်းထားတဲ့ ပထမပိုင်းကို နားဆင်နိုင်ပါတယ်။