မန္တလေးမှာ ပုဒ်မ ၁၈ နဲ့ လူ ၄ ဦး တရားစွဲဆိုခံရ

မန္တလေးမြို့မှာ လျှပ်စစ်မီတာခ တိုးမြင့်ကောက်ခံမှာကို ကန့်ကွက်တဲ့ ဆန္ဒပြသူတချို့အား မတ်လ ၁၈ ရက်နေ့ညက  ဖမ်းဆီးနေစဉ်
မန္တလေးမြို့မှာ လျှပ်စစ်မီတာခ တိုးမြင့်ကောက်ခံမှာကို ကန့်ကွက်တဲ့ ဆန္ဒပြသူတချို့အား မတ်လ ၁၈ ရက်နေ့ညက ဖမ်းဆီးနေစဉ် (Photo: RFA)

အစိုးရက လျှပ်စစ်မီတာခ စတင်ပြီးတိုးမြင့်ကောက်ခံတော့ မယ်လို့ ကြေညာထားတာကို ပြန်ရုပ်သိမ်းပေးဖို့ မန္တလေး မြို့မှာ မနေ့က ဆန္ဒပြခဲ့သူ နှစ်ဦးနဲ့ လာရောက်အားပေး သူ နှစ်ဦးကို ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့က ပုဒ်မ ၁၈ နဲ့ ဒီကနေ့ တရားစွဲဆိုလိုက်ပါတယ်။

မနေ့ညက ၆ နာရီကျော်မှာ မန္တလေးမြို့ diamond plaza ရှေ့မှာ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့က မန္တလေးတာဝန်ခံ ဦးသိန်းအောင်မြင့်နဲ့ ဦးစောလှအောင် တို့ ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်စဉ် စောင့်ဆိုင်းနေတဲ့ ရဲတပ်ဖွဲ့အင်အား ၆၀ လောက်က အဲဒီ ၂ ယောက် အပါအဝင် လာရောက်အားပေးသူ ဒေါ်ခက်ခက်တင်နဲ့ ကိုကျော်မျိုးထွန်းတို့ကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ဒေါ်ခက်ခက်တင်နဲ့ ကိုကျော်မျိူးထွန်းကို အာမခံနဲ့ ပြန်လွတ်ပေးခဲ့ပါတယ်။ ဒီနေ့ အာမခံနဲ့ ပြန် လွတ်လာတဲ့ ဒေါ်ခက်ခက်တင်က အခုလိုပြောပါတယ်။

"ကျမနဲ့ ကိုကျော်မျိုးထွန်းတို့က စီတန်းလှည့်လည်တဲ့အထဲမှာ ပါလည်းမပါခဲ့ပါဘူး၊ အားပေးတဲ့အနေနဲ့ပဲရှိပါတယ်၊ ပြည်သူတွေက ဒီလိုမျိုးဆန္ဒပြတဲ့အခါမှာ ကြောက်သွားအောင်လို့ ခြိမ်းခြောက်တယ်လို့ ကျမကထင်ပါတယ်"

ဦးသိန်းအောင်မြင့် နဲ့ ဦးစောလှအောင်တို့က အာမခံမယူခဲ့ဘူးလို့ သိရပါတယ်။ သူတို့ ၂ ဦးဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၈ ရက်နေ့က မန္တလေးမြို့မှာ လျပ်စစ်မီတာခ တိုးမြင့်ကောက်ခံမှုကိစ္စကို ကန့်ကွက်ဆန္ဒပြခဲ့ကြဖူးပါတယ်။ အဲဒီအချိန်က ခွင့်ပြုချက်မတောင်းခံဘဲ ဆန္ဒပြခဲ့ကြတာဖြစ်ပေမယ့် ဒီတစ်ကြိမ်လို အရေးယူခံရတာ မရှိခဲ့ဘူးလို့ သိရပါတယ်။