ပါတီတွေ ကျင့်ဝတ်ဖောက်ဖျက်ရင် အရေးယူမယ်လို့ ဦးတင်အေး သတိပေး
2015.06.26

လာမယ့်၂ဝ၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေကို နိုင်ငံရေးပါတီတွေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ဒီနေ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက အခုထုတ်ပြန်လိုက်တဲ့ ကျင့်ဝတ်တွေကို ဖောက်ဖျက်ရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
"ပြောသင့်တာတွေပြောရမှန်း မပြောသင့်တာတွေ မပြောရမှန်း တားမြစ်ချက်လေးတွေပါတယ်၊ ဒါမျိုးကိုမလုပ်ပါနဲ့ ဒါမျိုးကိုလုပ်ပါဆိုတဲ့သဘောမှာ ဒီလိုဟာမျိုးတွေကို ကျနော်တို့က ကျင့်ဝတ်ပါပဲ၊ ဥပဒေဟာ ဥပဒေပေါ့ ဥပဒေကလည်းရှိပါတယ်နော်၊ ဒါတွေကို ကျင့်ဝတ် ကိုယ့်အသိစိတ်နဲ့ ယှဉ်ပြီးတော့မလုပ်ဘူး၊ အသိစိတ်ယှဉ်ပြီး ကောင်းနိုင်သလောက် ပူးပေါင်းပြီးလုပ်ကြပါဆိုတဲ့ နားလည်မှုကျင့်ဝတ်တွေပါပဲ၊ အဲ့ဒါကြောင့် သူတို့လိုက်နာပါ၊ ဒီလိုမလိုက်နာဘူးဆိုလို့ရှိရင်တော့ ဥပဒေကြောင်းနဲ့ငြိရင်တော့ တည်ဆဲဥပဒေအရ အရေးယူမှာပေါ့နော်"
ထုတ်ပြန်လိုက်တဲ့ ကျင့်ဝတ်တွေမှာ မဲဆွယ်စည်းရုံးတဲ့အခါ ပါတီအချင်းချင်း မပုတ်ခတ်ဖို့၊ အကြမ်းဖက်မှုဖြစ်အောင် မလှုံ့ဆော်ဖို့၊ လူ့အဖွဲ့အစည်းအကြား တင်းမာမှုတွေ အမုန်းပွားမှုတွေ မဖြစ်စေဖို့၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြုဖို့၊ လူမျိုးရေး ခွဲခြားဆက်ဆံပြောဆိုမှုတွေ မလုပ်ဖို့ စတာတွေကို တားမြစ်ထားပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေရဲ့ ငွေကြေးနဲ့ လူအင်အားကို အလွဲသုံးစားမပြုဖို့၊ မီးတုတ်၊ ခဲယမ်း၊ တုတ်၊ ဓား စတဲ့ လက်နက်တွေ မကိုင်ဆောင်ဖို့၊ ငွေကြေး သို့မဟုတ် လက်နက်နဲ့ မခြိမ်းခြောက်ဖို့၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေနဲ့ သတင်းသမားတွေကို မတားမြစ်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
အဲ့ဒီကျင့်ဝတ်တွေကို နိုင်ငံရေးပါတီတွေကိုယ်တိုင် ပါဝင်ရေးဆွဲပြီး ထုတ်ပြန်တာဖြစ်တယ်လို့ သိရပါတယ်။
အခမ်းအနားကို တရားဝင်မှတ်ပုံတင်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစု၊ ဝ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ စတဲ့နိုင်ငံရေးပါတီ ၆၇ ပါတီက ခေါင်းဆောင်တွေ တက်ရောက်လက်မှတ်ရေးထိုးခဲ့ပါတယ်။