လွှတ်တော်ကို စမ်းသပ်နိုင်တော့ မယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား


2014.05.27
dassk-sign-naypyitaw-305 နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ မေလ ၂၇ ရက်နေ့က ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်ရေးထိုးပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက် လက်မှတ်ရေးထိုးစဉ်
Photo: Myo Thant Khaing/RFA

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်အတွင်း က ပြင်ဆင်သွားတာဟာ အကောင်းဆုံး ဖြစ်ကြောင်း နဲ့ လွှတ်တော်ဟာ ပြည်သူတွေရဲ့ အသံကို ရောင်ပြန်ဟတ် ရဲ့လားဆိုတာ စမ်းသပ်ရမှာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။

ဒီနေ့ နေပြည်တော်ခရိုင် ပုဗ္ဗသီရိမြို့နယ်မှာ ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲမှာ ဒေသခံတွေ နဲ့တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့ တာပါ။

"ကျမဟာ ဒီအခြေခံဥပဒေကို လွှတ်တော်အတွင်း က ပြင်ချင်တယ်၊ လွှတ်တော် အတွင်းက ပြင်ချင်တဲ့ အကြောင်းရင်းက ကျမ လွှတ်တော်ကိုယ်စား လှယ်ဖြစ်နေလို့မဟုတ်ဘူး၊ ကျမတို့ နိုင်ငံရဲ့အနာဂတ် တည်ငြိမ်ရေးအတွက် နိုင်ငံတစ်နိုင်ငံမှာဆိုလို့ရှိရင် အလုပ်လုပ်တဲ့နေရာမှာ ဥပဒေဘောင်အတွင်းက စနစ်တကျလုပ်သွားလို့ရှိရင် တိုင်းပြည်တိုးတက်တယ် ၊ပြည်သူတွေ သက်သာတယ်၊ လွှတ်တော်အတွင်းက ပြုပြင်သင့်တဲ့ ကိစ္စတွေကို လွှတ်တော်အတွင်းကနေ လုပ်သွားတာဟာ အားလုံးအတွက် အကောင်းဆုံးပဲ၊ ဒါပေမဲ့လည်း လွှတ်တော်ဟာ ပြည်သူလူထုရဲ့ ဆန္ဒ ကို ရောင်ပြန်ဟပ်တယ်ဆိုတာဟာ ရှင်းရှင်းလင်းလင်းဖော်ပြရမယ်၊ တကယ်ပဲ လွှတ်တော်ဟာ ပြည်သူုရဲ့ ဆန္ဒကို ရောင်ပြန်ဟပ်ရဲ့လား၊ ပြည်သူ့ရဲ့ အသံကို လွှတ်တော်မှာ တကယ်ကြားရရဲ့လားဆိုတာ ကျမတို့ စမ်းသပ်ကြည့်ကြစို့"

နေပြည်တော်ခရိုင် ဥတ္တရသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိနဲ့ ဒက္ခိဏသီရိမြို့နယ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွေမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲတွေကို ဒီနေ့ တစ်ပြိုင်နက်တည်း ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥတ္တရသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့ လက်မှတ်ရေးထိုးခဲ့ပြီး ကျန်တဲ့ မြို့နယ်တွေက လက်မှတ်ရေးထိုးပွဲတွေမှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မရတနာဦး ကောက်နှုတ် တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။