၂၀၁၅ ရွေးကောက်ပွဲကို လေ့လာ ဖို့ သမ္မတဟောင်း ဂျင်မီကာတာ ကို ကော်မရှင် ဖိတ်ကြားမည်


2014.07.02
election-commission-305 နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA

လာမယ့် မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေ မှာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခွင့်ပေးဖို့ အမေရိကန် သမ္မတဟောင်း Jimmy Carter က ကမ်းလှမ်းထားကြောင်း၊ သမာသမတ်ကျ တဲ့ ရွေးကောက်ပွဲအဖြစ် သက်သေပြလိုတဲ့ အတွက် ကော်မရှင်အနေနဲ့ တရားဝင် ဖိတ်ကြားသွားမှာဖြစ်ကြောင်း ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီနေ့ ပြောပါတယ်။

ဒီကနေ့ နေပြည်တော် ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ရုံးမှာ ကော်မရှင် ဥက္ကဌနဲ့ နိုင်ငံရေး ပါတီတွေ တွေ့ဆုံပွဲအပြီး ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောခဲ့တာဖြစ်ပါတယ်။

"သမ္မတကြီး ဂျင်မီကာတာဆိုလို့ရှိရင် သူ့ဆိုရင် Long Term Observer ပေါ့၊ နစ်လ သုံးလလာပြီးတော့ ဘယ်လိုစည်းရုံးကြတယ်၊ ဘယ်လိုလုပ်နေတယ်ဆိုတာ လေ့ လာချင်ပါတယ်လို့ သူတို့ပြောထားတာ၊ ဒါကတော့ ကျနော့်အနေနဲ့ကတော့ အစိုးရခွင့်ပြုချက်ရရင်လာပါ၊ သို့သော် လည်းပဲ လေ့လာစောင့်ကြည့်သူအနေနဲ့ ရွေးကောက်ပွဲကာလာမှာတော့ လုပ်လို့ရပါတယ်၊ ကျနော်ကလည်းပဲ လွတ်လပ်တရားမျှတတယ်ဆိုတာ စောင့်ကြည့်လေ့လာခွင့်ရှိအောင် မှတ်ကျောက်တင်ပြီး ဆောင်ရွက်သွားချင် ပါတယ်၊ ကျနော်ဖိတ်ခေါ်ပါ့မယ်လို့ပြောထားတယ်၊ ဖိတ်ခေါ်တာလည်း ကျနော်ခေါ်တာမဟုတ်ဘူး၊ ခွင့်ပြုထားတာ အစိုးရခွင့်ပြုတာ"

ဒီနေ့တွေ့ဆုံပွဲမှာ လာမယ့်ရွေးကောက်ပွဲတွေမှာ နိုင်ငံရေးပါတီတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး သတ်မှတ်ချက်တွေကို ရှင်းပြတာလို့ သိရပါတယ်။

ဒါ့အပြင် လာမယ့်ရွေးကောက်ပွဲတွေမှာ ပီအာခေါ် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံး၊ မသုံးဆိုတာ လွှတ်တော်ရဲ့အဆုံးအဖြတ်ပေါ်မှာသာ မူတည်တယ်လို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲကို နိုင်ငံရေးပါတီ ၆၅ ပါတီထဲ က ၆၁ ပါတီက ကိုယ်စားလှယ်တွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။