အောက်ခြေ ကော်မရှင်များ ဆောင်ရွက်ချက် အားနည်း

မနက်ဖြန် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် ပြည်သူအများ မဲပေးနိုင်ရေး အောက်ခြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေရဲ့ ဆောင်ရွက်ချက်တွေမှာ အားနည်းချွတ်ယွင်းချက်တွေ ရှိနေတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး လွတ်လပ်သော စေတနာ့ဝန်ထမ်းများအဖွဲ့က မနေ့က ပြောဆိုပါတယ်။

2012.03.30
assk-election-nominate-b305 ဧပြီလ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရေး မှတ်ပုံတင်ရန် အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သံလျင်မြို့ တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ဖေဖော်ဝါရီလ ၆ ရက်နေ့က လူတွေ့မေးမြန်းနေစဉ်။
RFA

ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကိုယ်တိုင် တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့အဆင့်သင့်ဖြစ်နေပြီလို့ ပြောဆိုထားပေမဲ့ အောက်ခြေ ကော်မရှင်တွေမှာ သက်ရောက်မှုမရှိဘူးလို့ အဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးမင်းခင်က ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမဲ့ မြို့နယ်တချို့မှာ ပြည်သူတွေက မဲပေးနိုင်ဖို့ သက်ဆိုင်ရာ မဲရုံတွေကို သွားရောက် စုံစမ်းတဲ့အခါ မဲစာရင်းထဲမပါလို့ မဲပေးခွင့်မရဘူးလို့ ပြောဆိုတာမျိုး၊ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲမပေးခဲ့ရင် အခုလည်း မဲပေးလို့ မရဘူးလို့ ပြောလွှတ်တာမျိုးတွေ ရှိနေကြောင်း ဦးမင်းခင်က ပြောပါတယ်။

ဒါ့အပြင် တချို့မြို့နယ်တွေမှာ ကော်မရှင်ရုံးတွေက အထက်အမိန့် မရတဲ့အတွက် မဲစာရင်းထဲ ကိုယ့်အမည်ပါမပါ ပြည်သူတွေကို စုံစမ်းခွင့် မပေးတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေရဲ့ ဆောင်ရွက်ချက်တွေဟာ ၂၀၁၀ ရွေးကောက်ပွဲကာလ ဆောင်ရွက်ပုံ အဆင့်မျိုးတောင် မရှိတာတွေ့နေရကြောင်း၊ ဥပမာ ၂၀၁၀ ရွေးကောက်ပွဲတုန်းကဆိုရင် မဲစာရင်းတွေမလိုပဲ ကျင်းပတဲ့နေ့အထိ မဲရုံးမှူးရဲ့ ခွင့်ပြုချက်နဲ့ မည်သူမဆို အချိန်မရွေး မဲပေးလို့ရအောင် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း လွတ်လပ်သော စေတနာ့ဝန်ထမ်းများ အဖွဲ့က ပြောပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်ရေး လွတ်လပ်သော စေတနာ့ဝန်ထမ်းများအဖွဲ့ကို ဝန်ထမ်းဟောင်းများ၊ ပညာရှင်များ၊့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနဲ့ ဖွဲ့စည်းထားပါတယ်။ ရွေးကောက်ပွဲမှာ အရေးပါတဲ့ မဲရုံကိုယ်စားလှယ်တွေရဲ့ တာဝန်တွေကိုလည်း အဲဒီအဖွဲ့က ပြုစု ရေးသား ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။