ရွေးကောက်ပွဲကော်မရှင် မဲပေးလက်မှတ် ထုတ်ပေးရေးစီစဉ်
2013.11.21
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲပေးသူရဲ့အထောက်အထားတွေပါဝင်တဲ့ မဲပေးလက်မှတ်ထုတ်ပေးဖို့ စီစဉ်နေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ဒီနေ့ ပြောပါတယ်။
ဝါရှင်တန်ဒီစီအခြေစိုက် ရွေးကောက်ပွဲစနစ်များဆိုင်ရာ အပြည်ပြည်ဆိုင်ရာဖောင်ဒေးရှင်း (IFES) နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းရေးဆွဲထားတဲ့ မဟာဗျူဟာစီမံချက်နဲ့ ပတ်သက်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒီနေ့ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးရာမှာ ကော်မရှင်ဥက္ကဌ ဦးတင်အေးက အခုလိုပြောလိုက်တာပါ။
မဲလက်မှတ်မှာ မဲပေးသူရဲ့ မှတ်ပုံတင်အမှတ်၊ မဲပေးရမယ့်မဲရုံ စတဲ့အချက်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ အဲဒီ မဲလက်မှတ်ကို ရွေးကောက်ပွဲနေ့မတိုင်ခင်မှာ ဖြန့်ဝေထားမှာဖြစ်သလို မဲမသမာမှုတွေကို ကာကွယ်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲမှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်သူတွေကို မဲပေးနည်းစနစ်တွေ အသိပညာပေးရေး၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး စတာတွေမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ပါဝင်နိုင်ဖို့ အဓိကထားဆွေးနွေးခဲ့ကြပါတယ်။
ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကတင်ပြတဲ့ အကြံပြုချက်တွေကိုစုစည်းပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ရေးဆွဲထားတဲ့ မဟာဗျူဟာစီမံချက်ကို ဖြည့်စွက်ပြင်ဆင်ရေးဆွဲမယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ခုလို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအပြင် နိုင်ငံရေးပါတီတွေ ရဲ့ အကြံပြုချက်တွေကိုလည်း ဆွေးနွေးရယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဇင်မာဝင်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။