စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲကို တရုတ် ပါဝင်ပတ်သက်နေကြောင်း BACS ပြော

RFA Burmese
2024.07.21
စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲကို တရုတ် ပါဝင်ပတ်သက်နေကြောင်း BACS ပြော စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် H.E. Mr. Chen Hai တို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။
Myanmar Military

စစ်ကောင်စီက ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအပေါ် ၂၀၂၄ ခုနှစ်အတွင်း အရင်နှစ်တွေကထက် တရုတ်နိုင်ငံက ပိုပြီး ပါဝင်ပတ်သက်လာတယ်လို့ မြန်မာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာရေးအဖွဲ့ (Burma Affairs and Conflict Study – BACS) က ဇူလိုင်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အပြင် စစ်ကောင်စီ အကြီးအကဲတွေ၊ စစ်ခေါင်းဆောင်ဟောင်းတွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ ဆက်တိုက်တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်တို့ တွေ့ဆုံခဲ့တဲ့အပြင် ဇွန်လကုန်မှာ သမ္မတဟောင်း ဦးသိန်းစိန်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ သွားရောက်တွေ့ဆုံခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒီအပြင် ဇူလိုင်လ ၄ ရက်နေ့ကလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်တို့ ရွေးကောက်ပွဲ ကျင်းနိုင်ရေး ကြိုတင်ပြင်ဆင်မှုအခြေအနေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ တရုတ်နိုင်ငံခရီးစဉ်မှာလည်း ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တာအပြင် တရုတ်ကွန်မြူနစ်ပါတီက မြန်မာ့နိုင်ငံရေးပါတီ လေးခုကိုလည်း တရုတ်နိုင်ငံကို ဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို တရုတ်နိုင်ငံက ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကတစ်ဆင့် မေးမြန်းထားပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။

BACS အနေနဲ့ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အားထုတ်လှုပ်ရှားမှုတွေ၊ နိုင်ငံရေးပါတီတွေရဲ့ အထွေထွေလှုပ်ရှားမှုတွေနဲ့ လူဦးရေထိန်းချုပ်မှုဆိုင်ရာ သတင်းအချက်အလက်တွေကို စောင့်ကြည့်လေ့လာနေတယ်လို့ ပြောပါတယ်။

ဇူလိုင်လ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ အချိန်တစ်ပတ်အတွင်းမှာလည်း စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ဟာ မဲစာရင်းစီမံခန့်ခွဲမှုစနစ် အလုပ်ရုံဆွေးနွေးပွဲ နှစ်ကြိမ်၊ မဲပေးစက်စမ်းသပ်မှု တစ်ကြိမ်၊ နိုင်ငံရေးပါတီများဆိုင်ရာလှုပ်ရှားမှု နှစ်ကြိမ်နဲ့ မဲဆန္ဒရှင်စာရင်းဆိုင်ရာ လှုပ်ရှားမှုတစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ BACS က ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။