ပွင့်လင်းမြင်သာမှုရှိရေး ဆွေးနွေး ပွဲ မြစ်ကြီးနားမှာကျင်းပ
2014.01.08

သဘာဝတွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းတွေဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာစွာ လုပ်ကိုင်နိုင်ဖို့နဲ့ ပတ်သက်တဲ့ EITI အလုပ်ရုံဆွေးနွေးပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ အင်္ဂလီကန်အသင်းတော် ဘုရားရှိခိုးကျောင်းမှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။
မြစ်ကြီးနားမြို့အခြေစိုက် Humanity Institute လူမှုအဖွဲ့အစည်းက ဦးမုန်ဒန်က ဆွေးနွေးပွဲပြု လုပ်ရတာနဲ့ ပတ်သက်ပြီး RFA ကို အခုလိုပြောပါတယ်။
“အဓိကကတော့ လုပ်ငန်းစဉ်တစ်ခုလုံးမှာဆိုရင် ပွင့်လင်းမြင်သာမှုမှာ အခြေခံတဲ့အကြောင်းကို ပိုပြီးနားလည်လာပါတယ်၊ ကျနော်တို့ ကချင်ပြည်နယ်ဟာဆိုလို့ရှိရင် သယံဇာတ အားဖြင့် ကြွယ်ဝတဲ့ဒေသတစ်ခုပေါ့လေ၊ လွန်ခဲ့တဲ့အချိန်ကနေ အခုအချိန်အထိ ဒီဒေသကနေ သယံဇာတက ဘယ်လောက်အထိထွက်ရှိတယ်၊ ဝင်ငွေဘယ်လောက်ရရှိတယ် ဆိုတဲ့အကြောင်းကို မသိရှိရဘူးပေါ့လေ၊ ဒီ EITI လုပ်ငန်းစဉ်တွေ တကယ်ပဲ ထိထိရောက်ရောက် လုပ်နိုင်ခဲ့မယ်ဆိုရင် ဒီတွင်းထွက်သယံဇာတကနေ ကျနော်တို့ အကျိုးအမြတ် ဘယ်လောက်အထိ ရတယ်၊ နိုင်ငံတော်ကနေ အကျိုးအမြတ် ဘယ်လောက်ရတယ်၊ နောက် ဒီဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်ရော ပြည်သူတွေဘယ်လောက်အထိ ပြန်ပြီးတော့ အကျိုးခံစားရတယ်ဆိုတာ ကျနော်တို့ သိရှိသွားမှာဖြစ်ပါတယ်”
ကချင်ပြည်နယ်ထဲက မြစ်ကြီးနား၊ ပူတာအို၊ တနိုင်း၊ ဟိုပင်၊ မိုးညှင်း၊ မိုးကောင်းစတဲ့မြို့တွေက တက်ရောက်လာတဲ့ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေထဲက ကချင်ပြည်နယ်ကိုယ်စားပြုတဲ့ အလုပ်မှုဆောင်အဖွဲ့နဲ့ ကိုယ်စားလှယ်တွေ ရွေးချယ်သွားမယ်လို့ သိရပါတယ်။
ဒီနေ့အစည်းအဝေးကို ကချင်ပြည်နယ်အခြေစိုက် လူမှုအဖွဲ့အစည်း ၂၀ ကျော်က ကိုယ်စားလှယ် အယောက် ၇၀ ခန့် တက်ရောက်ခဲ့ပါတယ်။