အခြေခံ ဥပဒေပြင်ပေးရေး တောင်တွင်း ကြီးမှာ ဆန္ဒပြတောင်းဆို

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အမြန်ဆုံး ပြင်ဆင်ပေးရေး အတွက် ဖေဖော်ဝါရီလ ၆ ရက်နေ့က အလုံမြို့နယ်ပြည်သူများ ဆန္ဒပြနေစဉ်
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အမြန်ဆုံး ပြင်ဆင်ပေးရေး အတွက် ဖေဖော်ဝါရီလ ၆ ရက်နေ့က အလုံမြို့နယ်ပြည်သူများ ဆန္ဒပြနေစဉ် (photo: RFA/ Kyaw Zaw Win)

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံတော် သမ္မတဖြစ်ခွင့် အရည်အချင်း သတ်မှတ်ချက် ပုဒ်မတွေ ပယ်ဖျက်ပေးဖို့နဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်တဲ့ ပုဒ်မ ကို ပြင်ဆင်ပေးဖို့ မကွေးတိုင်းဒေသကြီး၊ တောင်တွင်း ကြီးမြို့နယ် က ထောင်ဂဏန်းလောက်ရှိတဲ့ ဒေသ ခံတွေ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။

လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမြန်ဆုံးပြင်ဆင်နိုင်ဖို့ လိုအပ်တယ် ဆိုတဲ့ အချက်ကိုလည်း ဆန္ဒပြတောင်းဆိုတာလို့ ဒီနေ့ ဆန္ဒပြရာမှာပါဝင်တဲ့ တောင်တွင်းကြီးမြို့ ညောင်ပင် လှကျေးရွာက ကိုသန်းလှိုင်က ပြောပါတယ်။

"အခြေခံ ဥပဒေထဲက ပြင်ဆင်ရမဲ့ ပုဒ်မတွေနဲ့ ဖျက်သိမ်းရမဲ့ပုဒ်မတွေကို အဓိကပစ်မှတ် ထားတောင်းဆိုတာကတော့ ပုဒ်မ ၅၉ (ဃ) ၊ ပုဒ်မ ၅၉ (စ) တွေက ပယ်ဖျက်ပေးရေး တောင်း ဆိုတာပါ ပုဒ်မ ၄၃၆ ကိုတော့ ပြင်ဆင်ပေးရေးတောင်းဆိုတာပါ ဒါပေမဲ့ ပုဒ်မ ၄၃၆ ကိုပြင်ဆင်မယ် ဆိုရင် ၄၃၆ နည်းလမ်းတိုင်းပြင်ဆင်မယ်ဆိုရင် ဒါမဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်တဲ့အတွက် ကျနော်တို့ က လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိုပါ တဆက်တည်းတောင်းဆိုတာပါ"

ဒီနေ့ ဆန္ဒပြပွဲကို တောင်တွင်းကြီးမြို့အနီးတဝိုက်က ကျေးရွာအုပ်စုပေါင်း ၄ဝ ကျော်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီး၊ မနီလာသိန်း၊ ကိုဉာဏ်လင်းတို့ ပူးပေါင်းပါဝင်ခဲ့ကြပြီး ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေလည်း ကျင်းပ ခဲ့ကြတယ်လို့ သိရပါတယ်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့မှာလည်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးဖို့ အတွက် ထောင်နဲ့ချီတဲ့ဒေသခံတွေက ဒီနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

လေးမျက်နှာမြို့နဲ့ အနီးတဝိုက်က ကျေးရွာပေါင်း ၄၆ ရွာ၊ ရေကြည်၊ ငသိုင်းချောင်း၊ ဟင်္သာတမြို့ နယ်တွေက ဒေ သခံတွေလည်း ပါဝင်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။