ကလေးတွေ ပညာသင်ခွင့်ဆုံးရှုံးမှု စိုးရိမ်စရာဖြစ်လာကြောင်း ကမ္ဘာ့ဘဏ်ပြော

RFA Burmese
2023.10.25
ကလေးတွေ ပညာသင်ခွင့်ဆုံးရှုံးမှု စိုးရိမ်စရာဖြစ်လာကြောင်း ကမ္ဘာ့ဘဏ်ပြော ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အ.မ.က (၁၃) ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများနှင့် မိဘများအား ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကိုဗစ်ကပ်ရောဂါနဲ့ ၂၀၂၁ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံက ကလေးတွေရဲ့ ပညာသင်ခွင့်ဆုံးရှုံးမှုဟာ အန္တရာယ်ရှိတဲ့အနေအထားကို ရောက်နေကြောင်း ကမ္ဘာ့ဘဏ်က အောက်တိုဘာ ၂၄ ရက် မနေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

၂၀၂၂ - ၂၃ စာသင်နှစ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၃၀၆ မြို့နယ်က အိမ်ထောင်စု ရှစ်ထောင့်ငါးရာကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းပြီးမှ ဒီအစီရင်ခံစာကို ထုတ်ပြန်တာလို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် အာဏာစသိမ်းတဲ့နှစ်မှာ ကျောင်းအားလုံး ပြန်ဖွင့်ဖို့ စစ်ကောင်စီကအမိန့်ပေးခဲ့ပေမယ့် တစ်နိုင်ငံလုံးက ဆရာ၊ ဆရာမ ၃၀ ရာခိုင်နှုန်းဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ အလုပ်ဖြုတ်တာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ကလေး အမြောက်အမြားဟာ အချိန် သုံးနှစ်ခွဲကျော်လောက် ပညာရေး ပြတ်တောက်ခဲ့ရတယ်လို့လည်း ကမ္ဘာ့ဘဏ်က ဖော်ပြပါတယ်။

အသက် ၆ နှစ်ကနေ ၂၂ နှစ်အထိ ကောလိပ်နဲ့ တက္ကသိုလ် အပါအဝင် စာသင်ကျောင်းတွေမှာ ကျောင်းအပ်နှံမှုဟာ ၂၀၁၇ ခုနှစ်မှာ ၆၉.၂ ရာခိုင်နှုန်းရှိခဲ့ရာကနေ အခု ၂၀၂၃ ခုနှစ်မှာ ၅၆.၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

အထက်တန်းကျောင်းသားအရွယ်တွေမှာ ကျောင်းအပ်နှံမှု အဆိုးဆုံးကျဆင်းခဲ့ပြီး ကျေးလက်ဒေသတွေမှာ ၁၇ ရာခိုင်နှုန်းနဲ့ မြို့ပြမှာ ၃၁ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်လို့ ကမ္ဘာ့ဘဏ်ကဆိုပါတယ်။

ဒါပေမဲ့ နိုင်ငံတစ်ဝန်းမှာ တရားဝင် အချက်အလက် ကောက်ယူနိုင်တဲ့အခြေအနေ မရှိတာကြောင့် နှစ်စဉ် ကျောင်းသူ၊ ကျောင်းသား ဘယ်နှဦး စာရင်းသွင်းသလဲ၊ ဘယ်နှဦး တက်ရောက် ပညာသင်ကြားနေသလဲဆိုတာကို အတိအကျပြောဖို့တော့ ခက်ခဲတယ်လို့လည်း ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။