အဆင့်မြင့်ပညာရေးသာမကဘဲ ပညာရေးဥပဒေတစ်ခုလုံး ပြင်ဖို့လို


2015.11.25
teachers-day-620.jpg ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို အောက်တိုဘာလ ၅ ရက်နေ့က မန္တလေးမြို့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ဦးဆောင်ကျင်းပစဉ်
Photo:Hste paing toe/RFA

အဆင့်မြင့်ပညာရေးဥပဒေတစ်ရပ် ရေးဆွဲရုံသာမကဘဲ အမျိုးသားပညာရေးဥပဒေ တစ်ရပ်လုံးကို ပြင်ဆင်နိုင် မှသာ မြန်မာနိုင်ငံရဲ့ပညာရေးကို ကုစားနိုင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဒေါက်တာသက်နိုင်ဦးက ပြောပါတယ်။

အမျိုးသားပညာရေးစနစ် ပြောင်းလဲဖို့ဆိုတဲ့ကိစ္စမှာ အခြေခံကစပြီး ဆရာ ဆရာမတွေ အရည်အသွေး ပိုမိုတိုးတက် လာရေးနဲ့ ပညာရေးဝန်ကြီးဌာန လက်အောက်က ဝန်ထမ်းတွေလည်း အတွေးအခေါ် အယူအဆတွေ ပြောင်းလဲ လာရေးတို့လည်း လိုသေးတယ်လို့ ဆိုပါတယ်။

"အခြေခံကအများကြီး ပြင်စရာတွေရှိတယ်ဗျ၊ နောက်တစ်ခါ အခြေခံမှာ ဆရာသမားတွေရဲ့ လိုအပ်ချက်တွေ ရှိလို့ ဆရာသမားတွေရဲ့ အရည်အသွေးတွေ နောက်ပြီးကျတော့ ဦးစီးဌာနတွေရဲ့ လိုအပ်ချက်တွေ ဖြည့် ဆည်းပေးရမှာတွေရှိတယ်ဗျ၊ ပြောမယ်ဆိုရင် ကျနော်တို့ ဒီအခြေခံဆိုတာက တတ်အောင်သင်တာ အဆင့်မြင့် ပညာရောက်တဲ့အခါမှာ ကျနော်တို့က တော်အောင်လုပ်ဖို့လိုတယ်ဗျ၊ မတတ်ခင် တော်အောင်လုပ်တဲ့အခါမှာ ကလေးတစ်ယောက်ကို ဘယ်လိုပြောရမလဲ ခါးဖြတ်ရိုက်ချိုးသလို ပြောသာပြောနေရင် ဒါဟာခိုင်းလို့သာ လုပ်တာ၊ ဘာမှအတွေအခေါ် အယူအဆတွေက သူများတန်းတူ လွတ်လွတ်လပ်လပ်နဲ့ ထွက်ပေါ်လာမှာ မဟုတ်ဘူး"

ဒါ့အပြင် လွတ်လပ်တဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေ ပါဝင်ရေးကလည်း အရေးကြီးတယ်လို့ ပြောပါတယ်။

"သူတို့ရဲ့ အရင်တုန်းကတည်းကလုပ်ခဲ့တဲ့ ပုံစံမျိုးနဲ့ပဲ နှစ် ၃ဝ စီမံကိန်း ရေးဆွဲခဲ့တဲ့ပုဂ္ဂိုလ်တွေ ထည့်သွင်းပြီးတော့ ပညာရှင်အဆင့်ဆိုပြီး လုပ်ခဲ့တာရှိပါတယ်ခင်ဗျ၊ နောက်တစ်ပိုင်းကကျတော့ ကျနော်တို့က ဒီဖက်ခေတ် ဒီဖက်ကာလမှကျတော့ ပညာရှင်အဆင့်ဆိုတာက အနီးအနားဆရာတွေလည်းပါသလို လွတ်လပ် တဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ NNER လိုအဖွဲ့မျိုး၊ နောက်တစ်ခါ ကျနော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမ အဖွဲ့ချုပ်တို့လိုဟာမျိုး နောက် တက္ကသိုလ်အသီသီးမှာရှိတဲ့ တက္ကသိုလ်ဆရာသမဂ္ဂအဖွဲ့တွေ၊ ကျောင်းသားသမဂ္ဂ အဖွဲ့တွေ အဲ့ဒီလို လွတ်လပ်တဲ့အဖွဲ့အစည်းတွေမပါဘဲနဲ့ ဆက်ပြီးတော့ဆောင်ရွက်မယ်ဆိုရင်တော့ နည်းနည်း အစီအစဉ်ထိလိမ့်မယ်ဗျ၊ ကျနော်တို့က ပညာရှင်အဆင့်လို့ ပြောတဲ့အခါမှာလည်းတော့ သူတို့သတ်မှတ်တဲ့ ဟာကတော့ ပညာရှင်အဆင့်ဖြစ်တာလား အပြင်ကနေပြီးတော့ လွတ်လပ်တဲ့ နိုင်ငံတကာလည်း အသိအမှတ်ပြု တဲ့ နိုင်ငံတကာက ပညာရှင်လည်းပါတယ်၊ ပြည်တွင်းမှာလည်း သူတို့ခေါင်းဆောင်ကြား ခေါင်းညိတ်ညိတ်တဲ့ ပုဂ္ဂိုလ်တွေမဟုတ်ဘဲနဲ့ အပြင်မှာပညာရှင်အဆင့်နဲ့ ရပ်တည်နေတဲ့ပုဂ္ဂိုလ်တွေလည်း ကျန်ပါသေးတယ်ဗျ၊ အဲ့ဒီအတွက်ကို သူတို့က လွတ်လပ်ပြီးတော့ တရားမျှတစွာ ထည့်သွင်းမယ်ဆိုရင်တော့ အဲ့ဒီပုဂ္ဂိုလ်တွေပါ ထည့်သွင်းစဉ်းစားဖို့ကောင်းပါတယ်"

လောလောဆယ်မှာ အဆင့်မြင့်ပညာရေးဥပဒေကို   ပြင်ဆင်ဖို့စီစဉ်နေကြတဲ့ ကိစ္စနဲ့ပတ်သက်ပြီး  RFA က သူရဲ့အမြင်တွေကို မေးမြန်းရာမှာ သူကပြောသွားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။