အခြေခံဥပဒေ ပြင်ဆင်လိုသူ များပြားကြောင်း စစ်တမ်းမှာဖော်ပြ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလား ဆိုတဲ့ လူထုသဘောထားဆန္ဒ ရယူရေးအတွက် Eco Dev မြန်မာ့ စိမ်းလန်းအမိမြေအဖွဲ့က ဦးဆောင်ပြီး ရန်ကုန်မြို့လယ် ၁၂ မြို့နယ်က ပြည်သူတွေဆီ စစ်တမ်းကောက်ယူရာမှာ ၄၈ ရာခိုင်နှုန်းက ပြင်ဆင်ရေးဆွဲ ဖို့ဆန္ဒရှိကြောင်း သိရပါတယ်။
-
2013-11-26 -
-
-
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလားဆိုတဲ့ လူထုသဘောထားဆန္ဒ ရယူရေးအတွက် Eco Dev မြန်မာ့ စိမ်းလန်းအမိမြေအဖွဲ့က ဦးဆောင်ပြီး ရန်ကုန်မြို့လယ် ၁၂ မြို့နယ်က ပြည်သူတွေဆီ စစ်တမ်းကောက်ယူရာမှာ ၄၈ ရာခိုင်နှုန်းက ပြင်ဆင်ရေးဆွဲဖို့ဆန္ဒရှိကြောင်း သိရပါတယ်။
ဒီနေ့ ရန်ကုန်မြို့ Eco Dev စိမ်းလန်းအမိမြေရုံးခန်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်တမ်းကောက်ယူရေးအဖွဲ့ခေါင်းဆောင် မဆုန်ချင်းပါရ်က အများစုက ပြင်ဆင်ရေးဆွဲဖို့ဆန္ဒရှိပြီး အနည်းစုလောက်သာ အသစ်ရေးဆွဲလိုကြကြောင်း RFA ကို ပြောပါတယ်။
“၁၄ ရာခိုင်နှုန်းကတော့ အခြေခံဥပဒေအသစ်ကို လိုချင်တယ်ပေ့ါနော်၊ အများစုပေါ့နော် ၄၈ ရာခိုင်နှုန်းက အခြေခံဥပဒေကို ပြင်ဆင်ချင်တယ်၊ ပြင်သင့်တယ်ပေါ့နော်၊ ၉ ရာခိုင်နှုန်းကတော့ လက်ရှိအခြေခံဥပဒေအတိုင်း ကျင့်သုံးကြည့်သင့်တယ်ဆိုတာမျိုး ရွေးထားတယ်၊ ၂၆ ရာခိုင်နှုန်းကတော့ သူတို့ရဲ့သဘောထားအမြင်ကို ဖော်မပြတတ်ဘူးပေ့ါနော်၊ ၃ ရာခိုင်နှုန်းကတော့ မဖြေဘူး၊ ကျောက်တံတားမြို့နယ်ပါတယ်၊ လမ်းမတော်ပါတယ်၊ လသာ၊ ပန်းပဲတန်း၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ အလုံ၊ စမ်းချောင်း၊ ကမာရွတ်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ရန်ကင်းစသဖြင့်ပေါ့နော်”
အောက်တိုဘာ ၁၈ရက်နဲ့ ၁၉ ရက်နေ့တွေက ရန်ကုန်မြို့လယ်က ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ ဗိုလ်တထောင်စတဲ့ မြို့နယ် ၁၂ မြို့နယ်က လူဦးရေတစ်ထောင်ကျော်တို့ကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလားဆိုတဲ့ လူထုဆန္ဒ သဘောထားတွေကို စစ်တမ်းကောက်ယူခဲ့ကြတာပါ။ စစ်တမ်းကောက်ယူရာမှာ ပြည်သူအများစုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်းကို သေသေချာချာ ဂဃနဏ မသိကြတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။
အဲဒီစစ်တမ်းကောက်ယူခဲ့တဲ့ရလဒ်တွေကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီဆီ် တင်ပြသွားမယ်လို့ သိရပါတယ်။
လတ်တလောမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလားဆိုတဲ့ လူထုဆန္ဒကောက်ယူမှုတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို နိုင်ငံရေးပါတီတွေကလည်း မြန်မာတစ်ပြည်လုံးအနှံ့ လိုက်လံဟောပြောတာတွေလည်း လုပ်ဆောင်နေကြပါတယ်။