မြန်မာနဲ့ အီတလီ ငလျင်ဆက်စပ်မှု မရှိ
2016.08.26

မြန်မာနဲ့ အီတလီနိုင်ငံမှာ ငလျင်တစ်ရက်တည်း လှုပ်ခတ်ခဲ့ပေမယ့် အဲ့ဒီငလျင်တွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှု မရှိဘူးလို့ ငလျင်ဆိုင်ရာ သိပ္ပံပညာရှင် ၂ ဦးကို မေးမြန်းပြီး National Geographic မဂ္ဂဇင်းက သြဂုတ်လ ၂၄ ရက်နေ့က ရေးသားပါတယ်။
မြန်မာနဲ့ အီတလီနိုင်ငံမှာ တစ်ရက်တည်း ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီး ပြင်းအားကလည်း ခပ်ဆင်ဆင်ဖြစ်နေ ပါတယ်။ အီတလီမှာလှုပ်ခတ်သွားတဲ့ ငလျင်က ပြင်းအား ၆.၂ ဖြစ်ပြီး မြန်မာမှာက ၆.၈ ဖြစ်ပါတယ်။
အမေရိကန်ငလျင်တိုင်းထွာရေးအဖွဲ့ USGS ပညာရှင် ဂျွန်ဘဲလ်လီနီက “ငလျင်၂ ခုဟာ ဆက်စပ်မှု မရှိပါဘူး။ ၂ ခုစလုံးဟာ ကမ္ဘာ့တဘက်ခြမ်းစီမှာ မတူတဲ့ ပြတ်ရွေ့ကြောတွေကနေ သီးခြားဖြစ်တာပါ။ တစ်ရက်တည်းဖြစ် တာတော့ တိုက်ဆိုင်မှုပေါ့လေ။ တစ်ကမ္ဘာလုံးမှာ ပြင်းအား ၆ ကနေ ၆.၉ အထိ လှုပ်ခတ်တဲ့ ငလျင်တွေက နှစ်စဉ် ၁၅ဝ လောက်ရှိပါတယ်လို့ ပြောပါတယ်။ နောက်ထပ် ပညာရှင်တစ်ဦးဖြစ်သူ အမေရိကန် ကိုလံဘီယာတက္ကသိုလ် က မိုက်ကယ် စတက်ကလာကလည်း ငလျင် ၂ ခုဟာ ဆက်စပ်မှု မရှိတဲ့အကြောင်း ပြောပါတယ်။
ငလျင်လှုပ်ခတ်မှု ပြင်းအား ခပ်ဆင်ဆင်ဖြစ်ပေမယ့် အီတလီမှာ ပျက်စီးမှုများပြီး မြန်မာမှာ ပျက်စီးမှု ဘာကြောင့် နည်းတာလဲလို့ မေးမြန်းရာမှာ ပညာရှင်တွေက အခုလို ပြောပါတယ်။ အီတလီမှာ လှုပ်ခတ်သွားတဲ့ ငလျင် က မြေပြင်နဲ့ နီးကပ်လွန်းပြီး မြန်မာမှာက မြေအောက် ၅၂ မိုင်မှာ လှုပ်ခတ်သွားတာကြောင့် သက်သာသွားတာလို့ ဆိုပါတယ်။
သတိထားရမှာက ဒီလောက်စကေးနဲ့ လှုပ်ခတ်တဲ့ ငလျင်တိုင်းဟာ နောက်ဆက်တွဲ ငလျင် အသေးစား ၅ ကြိမ်လောက်အထိ ထပ်လှုပ်ခတ်နိုင်ပြီး အီတလီမှာ ပိုသတိထားရမယ်လို့ ဆိုပါတယ်။