ငလျင်ဘေးသင့် ဒေသတွေကို အတားအဆီးမရှိ သွားခွင့်ပြုဖို့ ကုလသမဂ္ဂတောင်းဆို

RFA Burmese
2025.03.31
ငလျင်ဘေးသင့် ဒေသတွေကို အတားအဆီးမရှိ သွားခွင့်ပြုဖို့ ကုလသမဂ္ဂတောင်းဆို မန္တလေးမြို့မှာ ငလျင်ဘေးသင့်ပြည်သူများအား မတ်လ ၃၀ရက်က ကယ်ဆယ်ရေး လုပ်နေစဉ်။
Myanmar Rescue

လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေး ငလျင်ဘေးဒဏ်သင့်ဒေသတွေကို အတားအဆီးမရှိ သွားလာခွင့်ပြုဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက မတ်လ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

လူသားချင်းစာနာထောက်ထားရေး ယာဉ်တန်းတွေ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ အကဲဖြတ်ရေးအဖွဲ့တွေရဲ့ သွားလာမှုကို မထိန်းချုပ်ဖို့ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနဲ့ ယာယီ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စတာ မာကိုလူဂျီကော်စီက တောင်းဆိုခဲ့တာပါ။

လက်ရှိမှာ ထောက်ပံ့ရေးဆိုင်ရာ အခက်အခဲတွေရှိပေမဲ့ အကူအညီလိုအပ်တဲ့နေရာတွေကို ရောက်အောင် ကြိုးစားနေတယ်လို့လည်း သူက ပြောပါတယ်။

ငလျင်ဟာ ဆိုးဝါးနေပြီးသား မြန်မာနိုင်ငံရဲ့ အခြေအနေကို ပိုပြီးဆိုးဝါးသွားစေတယ်လို့ မစ္စတာ မာကိုလူဂျီကော်စီက ပြောပါတယ်။

"ဤနောက်ဆုံးကြေကွဲဖွယ်ဖြစ်ရပ်သည် ယခင်ကတည်းက ဆိုးရွားနေသော အကျပ်အတည်းကို ပိုမိုဆိုးဝါးစေပြီး ပဋိပက္ခ၊ ရွှေ့ပြောင်းနေထိုင်မှုနှင့် ယခင်က ဘေးအန္တရာယ်များကြောင့် အကြိမ်ကြိမ်ဘေးသင့်ခဲ့ရသော လူမှုအဖွဲ့ အစည်း များ၏ ကြံ့ကြံ့ခံနိုင်စွမ်းကို ပိုမိုကျဆင်းစေနိုင်သည်"

ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ အသက်ကယ် တုံ့ပြန်ဆောင်ရွက်မှုအတွက် ကနဦးငွေ ဒေါ်လာ ၁၅ သန်းကို စုပေါင်း ထည့်ဝင်ထားပြီး အရေးပေါ်သုံးပစ္စည်းများကို စုစည်းထားတယ်လို့ ပြောပါတယ်။

မြန်မာပြည်သူတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ခိုင်မာတဲ့ထောက်ပံ့မှုတွေ ချက်ချင်းလက်ငင်း လိုအပ်နေတယ်လို့လည်း မစ္စတာမာကိုလူဂျီကော်စီက ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ငလျင်မလှုပ်မီကတည်းက မြန်မာနိုင်ငံက လူဦးရေသန်းနှစ်ဆယ်လောက်ဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေပြီးသားဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။