ဒီဗွီဘီ သတင်းထောက်လွတ်မြောက်ရေး သတင်းထောက်တွေ ဆုတောင်း
2014.04.10

ပိုင်နက်ကျူးလွန်မှု ၊ ဝတ္တရားနှောင့်ယှက်မှုတွေ နဲ့ ထောင်ဒဏ် တစ်နှစ် ချခံခဲ့ရတဲ့ ဒီမိုကရက် တစ်မြန်မာ့အသံ (ဒီဗွီဘီ) သတင်းထောက် ကိုဇော်ဖေ ပြန်လည်လွတ်မြောက်ဖို့အတွက် သတင်းထောက်တွေက ရန်ကုန်မြို့ ဆူးလေဘုရားမှာ ဒီကနေ့ ဆုတောင်းခဲ့ကြပါတယ်။
သတင်းထောက် ကိုဇော်ဖေ လွတ်မြောက်ရေးအတွက် သြင်္ကန်အပြီးနောက်ပိုင်းမှာ သတင်းထောက်တွေ စုပေါင်းပြီး ဆန္ဒပြတောင်းဆိုသွားမယ်လို့ ဒီဗွီဘီ သတင်းဌာန ဒါရိုက်တာ ဦးခင်မောင်ဝင်း က ပြောပါတယ်။
"ကျနော်တို့ သတင်းထောက်ကို အကာအကွယ်ရအောင် ခံဝန်တို့ဘာတို့ ကျနော်တို့ရှေ့နေနဲ့ ဆက်တိုင်ပင်မယ်၊ ပြီးတော့ နိုင်ငံတကာ သတင်းမီဒီယာ လွတ်လပ်ခွင့် အဖွဲ့အစည်းတွေ ရှိတယ်၊ အဲ့ဒီအဖွဲ့အစည်းနဲ့လည်း ကျနော်တို့ ပူပေါင်းပြီးတော့မှ ကမ်ပိန်းတွေ လုပ်ဖို့ရှိတယ်၊ ပြီးတော့ လူ့အခွင့်အရေး အဖွဲ့အစည်းရှိတယ်၊ သူတို့နဲ့လည်းပေါင်းပြီး ကျနော်တို့ လုပ်ဖို့ရှိပါတယ်၊ထို့အတူပဲ ပြည်တွင်းမှာရှိတဲ့ သတင်းထောက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါတယ်၊ လုပ်ပုံလုပ်နည်းတွေက မျိုးစုံဖြစ်နိုင်တယ်"
ဒီမိုကရက်တစ်မြန်မာ့အသံ DVB ရဲ့ မကွေးမြို့ခံ သတင်းထောက် ကိုဇော်ဖေဟာ ပြီးခဲ့တဲ့နှစ်က မြို့နယ် ပညာရေးမှူးရုံးမှာ သတင်းသွားမေးတာကို မြို့နယ်ပညာရေးမှူးရုံးက တရားလိုပြုပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ မကွေးမြို့နယ်တရားရုံးက ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရားနှောက်ယှက် မှုတွေနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့က ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ သတင်းထောက် ကိုဇော်ဖေ လွတ်မြောက်ရေး ဆုတောင်းပွဲကို သတင်းထောက် ၂ဝ ကျော်လောက် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဒီအတောအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေနေရာမှာ အဆောက်အဦးတွေ ဆောက်လုပ်မယ်လို့ သိထားတာကြောင့် အဲဒီရပ်ကွက်မှာ နေထိုင်ခဲ့ကြသူ ရာနဲ့ချီတဲ့ မိကျောင်းကန်သားတွေက ဒီနေ့ မိကျောင်းကန်ရပ်ကွက် မြစာရံအေးစေတီရှေ့မှာ ဆုတောင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။