ရေးမြို့မှာ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ဆန္ဒပြတောင်းဆို
2016.06.26

ဒီနေ့ ကျရောက်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ မွန်ပြည်နယ် ရေးမြို့က အရပ်ဖက်အဖွဲ့တွေ၊ ဒေသခံတွေနဲ့ ဆရာတော်တွေက မူးယစ်ဆေးဝါးပပျောက်ရေး အတွက် ဆန္ဒပြတောင်းဆိုကြပါတယ်။
မူးယစ်ဆေးသုံးစွဲမှုဟာ အထက်တန်းကျာင်းတွေထဲမှာပါ ရှိနေတဲ့အတွက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ပပျောက်အောင် အရှိန်မြှင့်ဆောင်ရွက်နိုင် ဖို့ တောင်းဆိုတာဖြစ်တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လူငယ်များအဖွဲ့(ရေး)တာဝန်ခံ ၂ နိုင်ဇမ္မူရတ် က ပြောပါတယ်။
"ဌာနဆိုင်ရာအသီးသီးမှာလည်း ပြည်သူတွေက မူးယစ်ဆေးဝါးကိုမကြိုက်ဘူး၊ ထိရောက်စွာအရေးယူပါလို့ သိစေချင်လို့ ကျနော်တို့ လမ်းလျှောက်ဆန္ဒပြတယ်ပေါ့နော်၊ ကျောင်းသား ကျောင်းသူတွေက မူးယစ်ဆေးဝါးသုံးစွဲသူ တော်တော်များများရှိတယ်ပေါ့နော်၊ ၁၄၊ ၁၅၊ ၁၆ ရွာအထိ မူးယစ်ဆေးဝါး သုံးစွဲတာရှိတယ်ပေါ့"
ဆန္ဒပြသူတွေဟာ ရေးမြို့မွန်ဓမ္မရုံကနေ ကမ်းနားလမ်းအတိုင်း လမ်းလျှောက်ကြပြီး မူးယစ်ဆေးဝါးဆိုးကျိုးတွေ အကြောင်း ဟောပြောခဲ့ကြပါတယ်။
ဟောပြောပွဲအခမ်းအနားကို ရေးမြို့အခြေစိုက် စခက ၁၉ က တာဝန်ရှိသူတွေ၊ မွန်ပြည်သစ်ပါတီက ထားဝယ်ခရိုင် ဥက္ကဌ နိုင်အောင်မငေးနဲ့ အစိုးရဌာန ဆိုင်ရာဝန်ထမ်းတွေ တက်ရောက်ခဲ့ပါတယ်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း နဲ့ မွန်လူငယ်အဖွဲ့များ မူးယစ်ဆေးဝါးအန္တရာယ် ပညာပေး ဆွေးနွေးပွဲတွေ ကနေ ရရှိတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု တွေဟာ မုဒုံမြို့နယ်မှာ အများ ဆုံးဖြစ်ပြီး ဒုတိယအများဆုံးက သံဖြူဇရပ်မြို့နယ်မှာ ဖြစ်ပါတယ်။